
ခြေစွမ်းခြေစရှိပေမယ့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုံးကန်နေရတဲ့ အာဆင်နယ်ကစားသမား အိန်းစလေ မိတ်လန်း-နိုင်းလ်စ်အနေနဲ့ ချယ်လ်ဆီးခံစစ်မှူး ရီးစ် ဂျိမ်းစ်ကို အတုယူသင့်ကြောင်း TBR သတင်းဌာနက တိုက်တွန်းရေးသားလိုက်ပါတယ်။
နိုင်းလ်စ်ဟာ ညာတောင်ပံခံစစ်မှာ ခြေစွမ်းကောင်းပြသနိုင်သူဖြစ်ပေမယ့် ကွင်းလယ်ဗဟိုမှာကစားဖို့ စိတ်အားထက်သန်နေသူဖြစ်ပါတယ်။ လက်တလော အာဆင်နယ်အသင်းမှာ ညာနောက်ခံလူဖြည့်တင်းဖို့ လိုအပ်နေတာမို့ နည်းပြဖြစ်သူ မီခယ် အာတီတာက သူ့ကို အဆိုပါနေရာမှာ ကစားဖို့ နားချစည်းရုံးနေပေမယ့် ကာယကံရှင်ကတော့ အဆိုပါနေရာမှာ ကစားဖို့ ငြင်းဆန်ထားဆဲပါ။

မီဒီယာတွေရဲ့ သုံးသပ်ချက်တွေအရဆိုရင် သူသာ ညာနောက်ခံလူနေရာမှာကစားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်တောင် ရနိုင်တယ်လို့ ဆိုကြပါတယ်။
TBR သတင်းဌာနကတော့ နိုင်းလ်စ်လိုပဲ ကွင်းလယ်မှာကစားဖို့ စိတ်အားထက်သန်တဲ့ကစားသမားဖြစ်ပေမယ့် ညာတောင်ပံခံစစ်မှာ ခြေစွမ်းပိုပြသနိုင်တာကြောင့် သဘောမကျလျက်နဲ့ RB အဖြစ်ကြိုးစားကစားနေကြောင်း ဝန်ခံသွားတဲ့ ရီးစ် ဂျိမ်းစ်ရဲ့ စိတ်သဘောထားမျိုးကို နိုင်းလ်စ်တစ်ယောက် အတုယူသင့်တယ်လို့ တိုက်တွန်းရေးသားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက် ညာနောက်ခံလူဖြစ်တဲ့ ဂျိမ်းစ်က The Athletic နဲ့ အင်တာဗျူးမှာ သူဟာ ညာနောက်ခံလူနေရာမှာ ကစားဖို့ စိတ်ဆန္ဒလုံးဝမရှိပေမယ့် သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ညာတောင်ပံခံစစ်မှာသာ ထုတ်ဖော်ပြသနိုင်တာကြောင့် ကွင်းလယ်မှာကစားချင်တဲ့စိတ်ကူးကို စွန့်လွှတ်လိုက်တာဖြစ်တယ်လို့ ဖြေဆိုခဲ့တာပါ။
TBR သတင်းဌာနကတော့ နိုင်းလ်စ်တစ်ယောက် သူ့ရဲ့ အတ္တကို မစွန့်လွှတ်ပဲ ကွင်းလယ်မှာကစားဖို့ကိုသာ အပြင်းအထန်အားထုတ်နေမယ်ဆိုရင် သူ့ရဲ့အလားအလာကောင်းတွေနဲ့ အခွင့်အရေးတွေကို ဆုံးရှုံးရလိမ့်မယ်လို့ သတိပေးသွားခဲ့ပါတယ်။
Source: TBR