
COVID-19 အကြောင်းပြောတိုင်း ကမ္ဘာလုံးဆိုင်ရာကပ်ဘေး၊ တစ်ကမ္ဘာလုံးအကျပ်အတည်းတွေ့စေတဲ့ ရောဂါဆိုး စတဲ့စကားလုံးတွေကို အသုံးပြုပြီး ပြောဖြစ်ကြပါတယ်။ အကြောင်းကတော့ တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါဆိုးကြီး ပြန့်နှံ့ဖြစ်ပွားနေတာကြောင့်ပါ။
ဒါပေမယ့် တစ်ကမ္ဘာလုံးဆိုတာက နိုင်ငံတိုင်းလို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့နေရာဒေသအများစုမှာ ဒီရောဂါဆိုးကြီးဖြစ်ပွားနေပြီး နိုင်ငံအမြောက်အများထိခိုက်နစ်နာနေရတာကြောင့် ကမ္ဘာနဲ့အဝှမ်းလို့ ပြောဆိုနေကြတာပါ။
တကယ်တမ်းအားဖြင့် ကမ္ဘာပေါ်မှာ COVID-19 ရောဂါသည်တွေမရှိတဲ့ တိုင်းပြည်တွေရှိနေပါသေးတယ်။ စာရင်းဇယားတွေအရဆိုရင်တော့ဖြင့် တိုင်းပြည် ၁၁ ခုအထိ ရှိနေတာပါ။ ဟုတ်ပါတယ်။ ကမ္ဘာပေါ်က တိုင်းပြည်နဲ့ နေရာဒေသ ၂၃၀ ထဲမှာ ၁၁ ခုဟာ COVID-19 နဲ့ ကင်းလွတ်နေပါတယ်။
ဘယ်တိုင်းပြည်တွေလဲဆိုရင်တော့
တူဗာလူ၊
တာ့ခ်မင်နစ္စတန်၊
တိုကလောင်၊
ဆာမိုအာ၊
စိန့် ဟယ်လီနာ၊
ပလာအို၊
နီယူအေး၊
နော်ယူး၊
မိုက်ခရိုးနီးရှား၊
ခီရီဘာတီ၊
မြောက်ကိုရီးယားတို့ပါပဲ။

ဘာကြောင့်သူတို့ COVID-19 ရန်က ကင်းဝေးနေတာလဲ
လူနာလုံးဝမရှိတဲ့ တိုင်းပြည် ၁၁ ခုမှာတော့ ထူးခြားချက်က ၉ နိုင်ငံဟာ ပစိတ်ဖိတ်သမုဒ္ဒရာထဲက ကျွန်းစုတိုင်းပြည်လေးတွေဖြစ်နေတာပါပဲ။ ဒီတိုင်းပြည်လေးတွေအတွက် အားသာချက်ကတော့ တိုင်းပြည်အရွယ်အစားသေးငယ်မှုနဲ့ အဝင်အထွက်လမ်းကြောင်းတွေကို ပိတ်ဆိုဖို့ လွယ်ကူတဲ့အချက်တွေပါပဲ။ ဒီအချက်တွေကြောင့် အဆိုပါတိုင်းပြည်တွေဟာ ကိုဗစ်ကပ်ဘေးကို ရှောင်လွဲနိုင်ခဲ့တာလို့ ယူဆရပါတယ်။ အဆိုပါ ၉ နိုင်ငံရဲ့ စုစုပေါင်းလူဦးရေက ၆ သိန်းမပြည့်ပါဘူး။
လက်ကျန် ၂ နိုင်ငံဖြစ်တဲ့ တာ့ခ်မင်နစ္စတန်နဲ့ မြောက်ကိုရီးယားတို့ကတော့ လူဦးရေအားဖြင့် နည်းပါးတယ်လို့ မဆိုသာပေမယ့် တင်းကျပ်တဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ တံခါးပိတ်ဝါဒတွေကြောင့် COVID-19 ကပ်ဘေးကို တောင့်ခံထားနိုင်နေတာလို့ ကျွမ်းကျင်သူတစ်ချို့က သုံးသပ်ထားပါတယ်။
မြောက်ကိုရီးယားမှာဆိုရင် လူတိုင်း မျက်နှာဖုံးတပ်ဆင်ဖို့ မလိုအပ်ပဲ အိမ်ပြင်မထွက်ဖို့ဆိုတဲ့ အမိန့်တွေဟာ တခြားတိုင်းပြည်တွေထက်ပိုမိုထိရောက်တာကို မြင်ကြရပါတယ်။
ဒါပေမယ့်လည်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေနဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အဆိုပါတိုင်းပြည် နှစ်ခုကဦးဆောင်သူတွေဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာအတွက် သတင်းမှန်ကို ထိမ်ချန်တာမျိုးပြုလုပ်နေတာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြောင်း ABC ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြဖူးပါတယ်။
မည်သို့ပင်ဆိုစေကာမူ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကပ်ဘေးဒါဏ်ကို ရင်ဆိုင်နေရချိန်မှာ အဆိုပါတိုင်းပြည် ၁၁ ခုကတော့ စာရင်းဇယားတွေအရ COVID-19 ကပ်ဘေးကနေ ကွင်းလွတ်ခွင့်ရနေကြတာတော့ အမှန်ဖြစ်ပါတယ်။

လူနာသစ်ထပ်မတွေ့တော့တဲ့ တိုင်းပြည်တွေ
နောက်ဆုံးသတင်းထုတ်ပြန်ချက်တွေအရဆိုရင် ၂၄ နာရီအတွင်းမှာ လူနာသစ်တွေ့ရှိမှုအခြေအနေကို သတင်းထုတ်ပြန်ထားခြင်းမရှိတဲ့တိုင်းပြည်ကလည်း ၅၃ နိုင်ငံအထိရှိနေပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ လူနာသစ်တွေ့ရှိမှုမရှိတာကြောင့် သတင်းထုတ်ပြန်ခြင်းမရှိတာလို့ မှတ်ယူကြရမှာဖြစ်ပါတယ်။
အဆိုပါတိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံလိုပဲ အာဆီယံအဖွဲ့ဝင်တိုင်းပြည်တွေဖြစ်ကြတဲ့ လာအို၊ အရှေ့တီမောနဲ့ ဘရူနိုင်းနိုင်ငံတို့ပါဝင်နေပါတယ်။ တရုတ်၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့အကြားမှာရှိနေတဲ့ လာအိုဆိုရင် လူနာသစ်မတွေ့ရှိတော့တာ အတော်လေးကို ကြာမြင့်နေပြီဖြစ်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ အထက်က လူနာမရှိတဲ့တိုင်းပြည်တွေလိုပဲ လူနာသစ်တိုးနှုန်းမရှိသလောက်ဖြစ်နေတဲ့ တိုင်းပြည်တွေဟာလည်း တိုင်းပြည်ဧရိယာနယ်နိမိတ်ကျဉ်းမြောင်းပြီး လူဦးရေနည်းပါးတဲ့တိုင်းပြည်မျိုးတွေဖြစ်နေတာပါပဲ။
လူဦးရေနည်းပါးပြီး၊ နယ်နိမိတ်ကျဉ်းမြောင်းမှုတွေဟာ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖြစ်အောင် ထိမ်းချုပ်ရာမှာ ပိုမိုထိရောက်တယ်ဆိုတဲ့ သဘောဖြစ်ပြီး လူထုဆီကို ကျန်းမာရေးအသိပညာဖြန့်ဝေရာမှာ အမှန်တကယ်အလုပ်ဖြစ်တယ်လို့ ယူဆစရာဖြစ်နေပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ လူဦးရေ ၅၄ သန်းအထိ များပြားသလို တိုင်းပြည်ရဲ့ နယ်နိမိတ်ဧရိယာလည်းကျယ်ပြောတာကြောင့် ထိရောက်စွာကိုင်တွယ်ထိမ်းချုပ်ရာမှာ ယိုပေါက်တွေရှိနေတယ်လို့ ယူဆရမယ်ထင်ပါတယ်။
ဒါကြောင့်လည်း စည်းကမ်းထိမ်းသိမ်းမှုအပိုင်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးအပ်တဲ့အပိုင်းတွေမှာ လက်လှမ်းမမှီမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး လူနာတိုးနှုန်းကိုလည်း လျော့ကျအောင် ထိမ်ချုပ်ရာမှာ အခက်အခဲတစ်ချို့ရှိနေတာပါ။
ဒီလိုအခြေအနေမှာ နိုင်ငံသားတွေရဲ့ လူတစ်ဦးချင်း စည်းကမ်းလိုက်နာမှုက အထူးကိုအရေးပါလာမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာနိုင်မယ်ဆိုရင် COVID-19 ရောဂါဆိုးကို တိုက်ထုတ်ဖယ်ရှားရာမှာ တစ်တပ်တစ်အားအကူအညီဖြစ်စေမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။