ကိုဗစ်ကို အိပ်စက်ခြင်းနဲ့ တားဆီးကြမယ်

အလွန်အမင်း အိပ်စက်တာဟာ လူကို ထိုင်းမှိုင်းစေနိုင်သလို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရစေနိုင်ပါတယ်။ ဒီလိုပဲ အိပ်စက်ချိန်နည်းပါးတာကလည်း လူကို အကျိုးမပြုပါဘူး။

ဒါပေမယ့် လုံလုံလောက်လောက် ပြည့်ပြည့်ဝဝ အိပ်စက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပါ။ လူ့ ကိုယ်ခံအားကို ကောင်းမွန်စေနိုင်တာမို့ ပြည့်ပြည့်ဝဝအိပ်စက်ပြီး ကျန်းမာရေးကို စောင့်ရှောက်နိုင်ပါတယ်။

လက်ရှိမှာလည်း ကိုယ်ခံအား အားနည်းသူတွေမှာ ထိခိုက်မှုပိုမိုများပြားတဲ့ COVID-19 လို ရောဂါမျိုး နိုင်ငံတကာမှာ ပျံ့နှံ့ကူးစက်နေတာမို့ လုံလောက်စွာ အိပ်စက်ပြီး ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ပြင်ဆင်ထားဖို့ သင့်ပါတယ်။

အိပ်ရေးပျက်ရုံနဲ့ ဖျားနိုင်တာလား

Sunway Medical Centre Velocity (SMCV) က ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာချက်တွေအရ လုံလောက်ပြည့်ဝစွာ အိပ်စက်ပေးခြင်းဟာ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး COVID-19 သာမက အအေးမိ၊ တုပ်ကွေးလို အဖျားဝေဒနာတွေကို တွန်းလှန်ရာမှာ တစ်တပ်တစ်အား အကျိုးရှိစေမယ်လို့ ဆိုပါတယ်။

ယျေဘုယျအားဖြင့် (၁၈ နှစ်အထက်) အရွယ်ရောက်ပြီး လူတွေရဲ့ ၃၀% ကနေ ၄၀% အထိဟာ လုံလောက်စွာ အိပ်စက်ကြလေ့မရှိပါဘူး။ ဒီကနေ့ခေတ်လို Night-life တွေ ခေတ်စားလာနေတဲ့ လူနေမှုဘဝမှာ လူငယ်ပိုင်းတွေရဲ့ ညအိပ်ချိန်တွေဟာလည်း တဖြေးဖြေးမမှန်ကြတော့တာကို မြင်တွေ့နိုင်ပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရလည်း အိပ်ရေးပျက်များတဲ့လူတွေဟာ ရောဂါကူးစက်နိုင်ခြေပိုများတယ်လို့ ဆိုထားပါတယ်။ ကိုဗစ်ကာလ အစောပိုင်းတုန်းက တရုတ်နိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးမှုနှုန်းမြင့်မားတာဟာ လူနာအရေအတွက် တိုးပွားလာချိန်မှာ အိပ်စက်ချိန်နည်းပါးသွားတာကြောင့်ဖြစ်ပြီး ရောဂါပိုးကူးစက်ခံရချိန်မှာ သူတို့ရဲ့ ကိုယ်ခံအားစနစ်က အလွန်အားနည်းနေပြီမို့ အသက်ဆုံးရှုံးရတာဖြစ်ပါတယ်။

အိပ်ရေးပျက်ခြင်းကြောင့် တိုက်ရိုက်ဖျားနာတာမျိုးမဖြစ်နိုင်ပေမယ့် အိပ်ရေးပျက်ခံသူတွေဟာ ကိုယ်ခံအားနည်းနေနိုင်တာမို့ ကူးစက်ရောဂါတွေ တွယ်ငြိနိုင်ခြေပိုများနေမှာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ တစ်နေ့ကို ဘယ်နှစ်နာရီ အိပ်စက်သင့်သလဲ

အိပ်စက်ခြင်းဟာ လူသားတစ်ယောက်မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လူတွေဟာ ဘယ်လောက် တောင့်ခံနိုင်တယ်၊ ဘယ်လောက် ကျန်းမာတယ်ပြောပြော စိတ်ရောလူပါ နေကောင်းအောင် နေထိုင်ဖို့ဆိုရင် အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။

လက်ရှိအချိန်အထိ လေ့လာချက်တွေအရ လူတစ်ဦးချင်းဟာ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတွေ အပေါ်မူတည်ပြီး အိပ်စက်ဖို့ လိုအပ်ချိန် မတူညီပါဘူး။ အသက်အရွယ်အလိုက် လူတစ်ဦးချင်းစီ နေ့စဉ် အိပ်စက်ဖို့ လိုအပ်ချိန်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

မွေးကင်းစ (၀ လမှ ၁၁ လ) ကလေးတွေဟာ တစ်နေ့ကို ၁၄-၁၇ နာရီ၊

မွေးကင်းစ (၄ လမှ ၁၁ လ) ကလေးတွေဟာ တစ်နေ့ကို ၁၂-၁၅ နာရီ၊

ရင်သွေး (၁ နှစ်မှ ၂ နှစ်) ကလေးတွေဟာ တစ်နေ့ကို ၁၁-၁၄ နာရီ၊

မူကြိုအရွယ် (၃ နှစ်မှ ၅ နှစ်) ကလေးတွေဟာ တစ်နေ့ကို ၁၀-၁၃ နာရီ၊

ကျောင်းနေအရွယ် (၆ နှစ်မှ ၁၃ နှစ်) ကလေးတွေဟာ တစ်နေ့ကို ၉-၁၁ နာရီ၊

လူငယ် (၁၄ နှစ်မှ ၁၇ နှစ်) တွေဟာ တစ်နေ့ကို ၈-၁၀ နာရီ၊

အရွယ်ရောက်ပြီး (၁၈ နှစ်အထက်) လူလတ်ပိုင်းတွေဟာ ၆-၁၀ နာရီ၊

လူကြီးပိုင်း (၆၅ နှစ်အထက်) တွေဟာ ၇-၈ နာရီ၊ စသဖြင့် အသီးသီးအိပ်စက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ဆိုရင်လည်း ပထမ ၃ လ ကနေစတင်ပြီး ပုံမှန်အိပ်စက်နေကျအချိန်ထက် အနည်းငယ်ပိုမို အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ အလွန်အကျွံ အိပ်စက်တာ ဒါမှမဟုတ် အိပ်ချိန်အရမ်းနည်းပါးတာတွေ မကြာခနဖြစ်နေမယ်ဆိုရင်လည်း ကိုယ်လက်လှုပ်ရှားမှုတွေ နည်းပါးပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

နောက်ပြီး လမ်းညွှန်ချက်တွေအရ နေ့ခင်းနေ့လည်မှာ တစ်ရေးတမော အိပ်စက်ပေးတာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့ အကြံပြုထားကြပါသေးတယ်။

Leave a Reply