ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

ကိုဗစ်ရောဂါ ခံစားနေရတဲ့အခါ အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းတစ်ခုက အာဟာရ ပြည့်ဝမျှတအောင် စားသောက်တာပါ။ ကိုဗစ်ဖြစ်ပြီဆိုရင် အများစုက အစားအသောက် သေချာ ဂရုစိုက်ဖို့ကို မေ့နေတတ်ပြီး ဆေးဝါးတွေနဲ့ ဗီတာမင် အားဆေးတွေကိုပဲ အဓိကသောက်နေတတ်ကြပါတယ်။

တကယ်ကတော့ ကိုဗစ်ကို အနိုင်တိုက်နိုင်ဖို့အတွက် အာဟာရပြည့်ဝဖို့ အတော်လေး အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ် ဖြစ်နေပြီလို့ သံသယ ရှိရင်ဖြစ်ဖြစ် ကိုဗစ်ဖြစ်နေရင် ဖြစ်ဖြစ် အခုလိုလေး အာဟာရ ပြည့်ဝအောင် စားသောက်ကြဖို့ ပြောပါရစေ။

ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ အချက်

အာဟာရ ပြည့်ဝမှုက ကိုဗစ် ခံစားနေရချိန်မှာ ခံနိုင်ရည် ရှိစေဖို့ရော ရောဂါကို ခုခံဖို့ပါ အတော်လေး အရေးပါပါတယ်။ ဒါတင်မကသေးပါဘူး။ ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာလည်း အတော်လေး အရေးပါပါတယ်။

ကိုဗစ် ရောဂါ သက်သာသွားရင်တောင်မှ ခန္ဓာကိုယ်မှာ အတော်လေး အားနည်းနေနိုင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မခံစားရစေဖို့နဲ့ အမြန်ဆုံး အားပြည့်ကျန်းမာလာစေဖို့ အာဟာရ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။

အစားကို စားနိုင်သမျှ များများလေး ဝင်အောင် စားပေးတာက ကိုဗစ်ရောဂါကနေ အမြန်ဆုံး ကျန်းမာလာစေမှာပါ။

ကိုဗစ်ခံစားနေရသူတွေ လိုအပ်မယ့် အာဟာရ လိုအပ်ချက်

ကိုဗစ်ရောဂါ ခံစားနေရသူတွေ အနေနဲ့ နေ့စဉ်စားသုံးမှုမှာ ဒီအာဟာရဓာတ်လေးတွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

ပရိုတင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်

သတ္တုဓာတ်

ဗီတာမင် D

ဗီတာမင် C

ဗီတာမင် A

ဗီတာမင် E

ဇင့်

ရေဓာတ် စတာတွေပါ။

ဒီအာဟာရဓာတ်တွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ရောဂါတွေကို ခုခံတိုက်ထုတ်ပေးတဲ့ T-cells နဲ့ B-cells တို့ကို ကိုဗစ်ပိုးကို ခုခံတိုက်ထုတ်ဖို့ ကူညီပေးပါတယ်။

ကိုဗစ်ရောဂါ ခံစားနေရသူတိုင်း လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

ကိုဗစ်ရောဂါ ခံစားနေရသူတွေအနေနဲ့ ကိုယ်ခံအား အကောင်းဆုံး တုံ့ပြန်နိုင်စေဖို့ နဲ့ ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝနေစေဖို့အတွက် နေ့စဉ်စားသုံးမှုမှာ လုံလောက်တဲ့ အာဟာရတွေ ပြည့်ဝစွာ ရရှိစေဖို့က အတော်လေး အရေးကြီးပါတယ်။

ဒါကြောင့် ကိုဗစ်ခံစားနေရပြီဆိုရင် နေ့စဉ် စားသုံးမှုမှာ

ပရိုတင်း ပြည့်ဝစေဖို့

ကြက်သား

ငါး

အမဲသား

ဥအမျိုးမျိုး

ပဲအမျိုးမျိုး

အခွံမာသီး

အစေ့အဆံ

နို့ နဲ့ နို့ထွက်ပစ္စည်း

ပဲပိစပ်

မြေပဲ စတာတွေကို စားသုံးပေးဖို့ လိုပါမယ်။

ကာဗိုဟိုက်ဒရိတ် ပြည့်ဝစေဖို့အတွက်ကတော့

အုတ်ဂျုံ

ကောက်နှံစတာတွေကို စားသုံးပေးဖို့ လိုပါမယ်။

အဆီဓာတ် လုံလောက်စေဖို့ အတွက်ကတော့

သစ်ကြားသီး

အယ်လ်မွန်စေ့

သံလွင်ဆီ

မုန်ညှင်းဆီ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံးပေးဖို့ လိုပါမယ်။

ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစေဖို့အတွက်ကတော့

အာလူး

မုန်လာဥဖြူ

မုန်လာဥနီ

ကိုက်လန်

ပြောင်းဖူး

ပန်းဂေါ်ဖီစိမ်း

နာနတ်သီး

မာလကာသီး

ငှက်ပျောသီး

နဂါးမောက်သီး စတဲ့ အရောင်အသွေး စုံလင်တဲ့ အသီးအရွက်တွေကို နေ့စဉ် ပြည့်ဝမျှတအောင် စားသုံးဖို့ လိုပါမယ်။

ဒါတွေအပြင် ကိုယ်ခံအားအတွက် အရေးပါတဲ့ ရေဓာတ် ပြည့်ဝစေဖို့လည်း တစ်နေ့ကို ရေ ၂ လီတာထက် မနည်း သောက်သုံးပေးဖို့ လိုပါမယ်။ စိတ်ခံစားမှု ကောင်းစေဖို့ ကိုကိုး ၇၀ ရာခိုင်နှုန်းပါတဲ့ ချောကလက်ကို နည်းနည်းလောက် စားသုံးပေးလို့ ရပါတယ်။

တကယ်လို့ ဝမ်းသွားတာမျိုး အော့အန်တာမျိုး ရှိမယ်ဆိုရင် ဓာတ်ဆားရည် သောက်သုံးပေးဖို့ လိုမှာပါ။ လည်ချောင်းနာနေမယ် အနံ့ အရသာ ပျောက်နေမယ်ဆိုရင်တော့ ခပ်ပျော့ပျော့နဲ့ မျိုချရလွယ်တာမျိုးကို စားသုံးပေးလို့ ရပါတယ်။

ကိုဗစ် ခံစားနေရချိန်မှာ အချိုကဲ၊ အငန်ကဲတာတွေကိုတော့ မစားသင့်ပါဘူး။ လတ်ဆတ်တဲ့ အိမ်ချက် အစားအစာတွေကိုပဲ စားသုံးပေးသင့်ပါတယ်။ အချိုကဲ၊ အငန်ကဲတဲ့ အစားအစာတွေက သွေးတွင်း သကြားဓာတ် မြင့်တာနဲ့ သွေးတိုးတာတွေကို ဖြစ်စေပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။

နောက်ဆုံးတစ်ချက်က တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ နဲ့ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ နေဖို့ပါ။

ကဲ…. ဒီအချက်လေးတွေကို လိုက်နာပြီး ကိုဗစ်ကို အကောင်းဆုံး ခုခံ လိုက်စို့နော်။

Writer: Aye Thi Mon

Leave a Reply