ကိုယ့်ကိုယ်ကို သတ်သေချင်သူတွေ ဆိုရှယ်မီဒီယာ မှာ ဘာတွေ တင်တတ်သလဲ

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ လူမှုရေးပြဿနာတွေနဲ့ မိသားစုအဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ ပိုမိုများပြားလာနေပါတယ်။

နည်းပညာတွေ ခေတ်မှီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ်လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ပိုမိုအသုံးချလာနေကြတာမို့ စိတ်ဓာတ်ကျဆင်းနေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိ ဆုံးဖြတ်ထားတဲ့သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလွန်စတွေ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ်။

လက်ရှိမှာ လူမှုကွန်ယက်လောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ (AI) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ထားပါတယ်။

၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခန ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

Facebook ကတော့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ်လိုလဲဆိုတာကို သိနိုင်ဖို့ AI နည်းပညာအသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကို သတ်သေဖို့ စိတ်ဆန္ဒရှိနေသူတွေဟ ဘယ်လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ်။
သူတို့ရဲ့ ဖော်ပြချက်တွေအရ

  • သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ
  • တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ
  • အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ
  • တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ
  • အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ
  • မဆင်မချင်အပြုအမူမျိုးတွေ လုပ်မိမှာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ
  • အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ် အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ
  • ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ
  • ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ
  • #depressed ဒါမှမဟုတ် #suicidal ဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ

ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွင်းက လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ဘာပို့စ်တွေတင်နေကြလဲဆိုတာကို သတိထားစောင့်ကြည့်ဖို့ မမေ့ကြနဲ့နော်

Leave a Reply