ကိုယ့်ရဲ့ လက်တွဲဖော်ကို စိတ်ပျက်/စိတ်ကုန်နေပြီလား သိနိုင်စေမယ့် အချက် (၄) ချက်

ကိုယ်ချစ်တယ်လို့ ခံစားရတဲ့ ကိုယ့်လက်တွဲဖော်အပေါ် စိတ်ပျက်နေမိပြီလား? သူ ဘေးနားမှာရှိနေတာဟာ ကိုယ့်အတွက် စိတ်ပင်ပန်းမှုတစ်ခု၊ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပြီလား?

တစ်ချိန်က အသံချိုချိုလေးက ခုချိန်မှာ စိတ်ပင်ပန်းစရာ အသံတွေဖြစ်လာမယ်၊ တစ်ချိန်က ဘာမဆို သူနဲ့မှ အတူတူလုပ်ချင်ခဲ့တာဆိုပေမယ့် ခုချိန်မှာတော့ သူအနားရှိနေတာဟာ စိတ်ညစ်စရာဖြစ်လာနေမယ်၊ သူ မရှိရင် မဖြစ်ဘူးထင်ခဲ့ဘူးပေမယ့် ခုချိန်မှာတော့ သူမရှိမှ ပျော်နေပြီဆိုတာမျိုး ခံစားနေရပြီဆိုရင် လက်ရှိ အချစ်ရေးအပေါ် သေချာမေးခွန်းထုတ်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

ချစ်စကြင်စတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် အပြစ်မမြင်ရက်ကြဘူး။ အရာရာ သည်းခံဖြတ်ကျော်ကြတယ်။ ချစ်တဲ့မျက်လုံးနဲ့ ကြည့်ကြတဲ့အချိန်ပေါ့။ ကြာလာလေလေ သည်းခံနိုင်စွမ်းနည်းပါးလာလေလေ အချိန်မျိုးရောက်လာခဲ့ရင်တော့ ပြဿနာတွေ စတော့တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဝန်ထုပ်ဝန်ပိုးလို့ မြင်လာစေတဲ့ ယျေဘုယျအချက် ၄ ချက်ရှိပါတယ်။ အဲဒါတွေကတော့

၁။ အစောတလျင် ဆုံးဖြတ်ချက်တွေကြောင့် – များသောအားဖြင့် ခုလိုပြဿနာမျိုးတွေဟာ ခုမြင်ခုကြိုက်၊ ခုတွေ့ခုယူ အတွဲတွေမှာ ပိုအဖြစ်များပါတယ်။ ဒီလိုပြောလို့ အချိန်အကြာကြီးတွဲလာတဲ့ စုံတွဲတွေမှာတော့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင် တည်ဆောက်ထားနိုင်တဲ့ စုံတွဲတွေမှာတော့ ဒီပြဿနာမျိုးဖြစ်နိုင်ချေ ပိုနည်းမှာပါ။ ဒါကြောင့် Relationship တစ်ခုစတော့မယ်ဆိုရင် Right Person ဟုတ်ရဲ့လားဆိုတာကို အချိန်ယူဆန်းစစ်သင့်ပါတယ်။

၂။ ကလေးဘဝ စိတ်ဓာတ်ရာတွေကြောင့် – တစ်ချို့တွေအတွက်တော့ ငယ်စဉ်ကတည်းက Relationship တစ်ခုတည်ဆောက်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ မိသားစုပြဿနာတွေ၊ မိဘတွေရဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေကို တွေ့မြင်ရင်ဆိုင်ခဲ့ရတဲ့ ကလေးငယ်တွေဟာ အရွယ်ရောက်လာချိန်တွေမှာ စစ်မှန်တဲ့ မေတ္တာတရားကို အလွန်အမင်းတောင့်တလေ့ရှိပေမယ့် နားလည်နိုင်ဖို့ ခက်ခဲပြီး ကာလကြာရှည်ဆုပ်ကိုင်နိုင်စွမ်းမရှိကြပါဘူး။ ဒီအချက်ကြောင့် ကိုယ့်အပေါ် စစ်မှန်တဲ့မေတ္တာထားသူတွေကိုတောင် အဝေးဆီရောက်သွားစေတတ်ပါတယ်။

၃။ ပါဝါအားပြိုင်မှု – တစ်ချို့သော အချစ်ဇာတ်လမ်းတွေဟာ ချစ်ခြင်းမုန်းခြင်းမပါပဲ ဇာတ်သိမ်းသွားတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် လေးစားမှုမရှိတာမျိုး၊ တယောက်ပေါ်တယောက် မုဒိတာမပွားနိုင်တာမျိုးတွေကြောင့် ပြိုင်ဘက်အသွင်ဆောင်လာပြီး နိတ္တိတံသွားတာမျိုးပါ။ ကိုယ့်အတ္တကိုပဲ ရှေ့တန်းတင်လေ့ရှိသူတွေအများဆုံး ကြုံရတတ်ပါတယ်။

၄။ စိတ်ဖိစီးမှု – စိတ်ခံစားမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာအားလုံးနီးပါးရဲ့ နောက်ကွယ်မှာ Depression ကောင်ဇိုးကြီးက ရှိနေတတ်ပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်ဝေဒနာကိုသာမက လူမှုဆက်ဆံရေးကိုလည်း ပျက်ယွင်းစေတတ်ပါတယ်။ မတူခြားနားတာတစ်ခုကတော့ ဒီပြဿနာမျိုးရင်ဆိုင်နေရရင် လမ်းခွဲဖို့ထက် အကူအညီပေးအပ်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာအောင် ကူညီပေးဖို့ ပိုသင့်ပါတယ်။

ဖြေရှင်းလို့ရနိုင်ပါ့မလား

အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီပြဿနာအတွက် အကြံပေးချက်ပဲရှိပါတယ်။ အဖြေမရှိတတ်ပါဘူး။ ဒါကြောင့် အကြံပြုပေးနိုင်တာတစ်ချို့တော့ရှိပါတယ်။

  • ပတ်ဝန်းကျင်၊ နေထိုင်မှုပုံစံကို လုံးဝခြားနားသွားတဲ့အထိ ပြောင်းလဲပစ်ပါ
  • ခံစားချက်အသစ်တွေ ဖြစ်စေမယ့် ခရီးမျိုးထွက်ပါ
  • ကိုယ်ဘယ်လို ခံစားနေရတယ်ဆိုတာကို လက်တွဲဖော်ထံ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးပါ
  • ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီး ကိုယ်ဘာမှားနေလဲ ရှာဖွေပါ
  • စိတ်ကျေနပ်မှုရရှိတဲ့အထိ လိင်ဆက်ဆံပါ။ တစ်ခါတစ်ရံမှာ အပြန်အလှန် ချစ်ခြင်းမေတ္တာတွေ ကုန်ခမ်းလာတာဟာ လိင်မှုကိစ္စမှာ ကျေနပ်ဖွယ်ရလဒ်တွေ မရတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
  • နှစ်ဦးလုံးအတွက် အဆင်ပြေနိုင်မယ့် ရည်မှန်းချက် အိပ်မက်ကြီးကြီး တစ်ခုလောက် ထားကြည့်ပါ။

ဒီအချက်တွေကို လိုက်နာပြီး ပြန်လည်ကြိုးပမ်းကြည့်မယ်ဆိုရင် အဆင်ပြေနိုင်ကောင်းပြေနိုင်ပါတယ်။ ဒါပေမယ့် သိထားရမှာက တစ်ယောက်နဲ့ တစ်ယောက် စိတ်ပျက်စိတ်ကုန်သွားပြီဆိုတဲ့ကိစ္စဟာ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတစ်ခုဆိုတာပါပဲ။

တကယ်လို့ သူ့ကို ဆက်ဆွဲထားဖို့ ကြိုးစားဦးမယ်ဆိုရင်တောင်မှ ဒီစိတ်ပင်ပန်းမှုတွေကို ကိုယ့်မှာ သည်းခံနိုင်စွမ်း တကယ်ရှိရဲ့လားဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ နှစ်ယောက်လုံးအတွက် စိတ်မချမ်းမြေ့စရာတွေကိုပဲ ယူဆောင်လာပါလိမ့်မယ်။

Leave a Reply