
ဆွီဒင်ဂန္တဝင်ဟောင်း မားကပ် အောလ်ဘတ်က ယူဗင်တပ်ကွင်းလယ်လူ ဒီယန် ကူလူဆက်ဗ်စကီးရဲ့ ကစားဟန်ဟာ အာဆင်နယ်အသင်းနဲ့ ကွက်တိကိုက်ညီမှုရှိပြီး အဆိုပါကြယ်ပွင့်ကို ဂန်းနားတွေ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းမှာ ၂ ရာသီကြာကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အောလ်ဘတ်က ကူလူဆက်ဗ်စကီးသာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားမယ်ဆိုရင် ပြီးပြည့်စုံတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာမှာဖြစ်ပြီး ကစားသမားအတွက်ရော အာဆင်နယ်အသင်းအတွက်ပါ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်ဖန်တီးရှင်သစ် ရှာဖွေနေတဲ့အသင်းဖြစ်ပြီး ၂၁ နှစ်သား ကူလူဆက်ဗ်စကီးကတော့ ကွင်းလယ်တိုက်စစ်၊ နောက်ချန်တိုက်စစ်နဲ့ တောင်ပံတွေမှာ နေရာစုံ ကစားနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
အောလ်ဘတ်ကတော့ သူ့အမြင်ကို ခုလိုမျိုး ပြောဆိုသွားခဲ့ပါတယ်။ “အာဆင်နယ်က ကူလူဆက်ဗ်စကီးအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ။ သူတို့ကလည်း သူ့ကို ခေါ်ယူချင်နေသလို သူ (ကူလူဆက်ဗ်စကီး) အားသန်တဲ့နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကိုလည်း ဂန်းနားတွေက ဖြည့်တင်းချင်နေပါတယ်။ ဒီကောင်လေးက သူတို့ရဲ့ အသင်းကို ပြန်လည်တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် ကစားသမားမျိုးဖြစ်သလို ဒီအသက်အရွယ်မှာတင် သူတို့ရဲ့ ဘောလုံးဒဿနတွေနဲ့လည်း ကိုက်ညီမှုရှိနေပြီဖြစ်တဲ့ကစားသမားပါ။ သူသာ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိုရင် လက်ရှိ ယူဗင်တပ်မှာထက် ပိုမိုထွန်းတောက်မယ့် ကြယ်ပွင့်လေးဖြစ်လာမှာပါ” လို့ အောလ်ဘတ်က ဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက အာဆင်နယ်အသင်းဟာ ဆွီဒင်လက်ရွေးစင် ကူလူဆက်ဗ်စကီးကို ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး ယူဗင်တပ်အသင်းက အဆိုပါကမ်းလှမ်းချက်ကို ငြင်းဆန်ပါယ်ချခဲ့ကြောင်း အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
နာမည်ကျော် အတ္တလန်တာ အကယ်ဒမီရဲ့ ထုတ်ကုန်တစ်ဦးဖြစ်တဲ့ ကူလူဆက်ဗ်စကီးဟာ ၂၀၁၉-၂၀ ရာသီမှာ ပါးမားအသင်းထံ အငှားသွားရောက်ကစားရင်း ခြေစွမ်းကောင်းတွေ ထုတ်ဖော်ပြသနိုင်ခဲ့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ ယူဗင်တပ်အသင်းရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာလည်း စီးရီးအေထိပ်သီးကလပ်ရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေပါတယ်။
Source: Sun Sports