
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက အသင်းခေါင်းဆောင် အူဘာမီယန်းကို ခေါ်ယူဖို့ စီစဉ်နေပြီး ဂန်းနားတွေမျက်စိကျနေတဲ့ သူတို့ရဲ့ကွင်းလယ်လူ ဖီလစ်ပီ ကော်တင်ဟိုနဲ့ အလဲအထပ်လုပ်ဖို့ စီစဉ်နေပါတယ်။
စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မက်ဆီကို လက်လွှတ်လိုက်ရပြီးတဲ့နောက် တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ ပီယာရီ-အမ်းမရစ် အူဘာမီယန်းတို့ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိထားရပါတယ်။

The Mirror ရဲ့ ဖော်ပြချက်အရလည်း အာဆင်နယ်အသင်းအနေနဲ့လည်း အဆိုပါတိုက်စစ်မှူး ၂ ဦးကို ရောင်းချလိုနေပြီး အထူးသဖြင့် ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ လာကာဇက်ထက် မြင့်မားတဲ့လစာနှုန်းထားရရှိထားပေမယ့် ခြေစွမ်းကျဆင်းနေတဲ့ အူဘာမီယန်းကို ပိုမိုရောင်းထုတ်ချင်နေတယ်လို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းကတော့ ငွေသားပေးချေခေါ်ယူရမယ့် လာကာဇက်ထက် အူဘာမီယန်းကို ဦးစားပေးခေါ်ယူလိုနေပြီး အပြောင်းအရွှေ့ပြုလုပ်ရမှာလည်း အာဆင်နယ်အသင်း အလိုရှိနေတဲ့ ဖီလစ်ပီ ကော်တင်ဟိုကို အလိုက်ပေးပြီး ခေါ်ယူတာမျိုး ပြုလုပ်ဖို့ စီစဉ်နေတာပါ။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုဟာ ယခုတစ်ပတ် ဆိုစီဒက်နဲ့ပွဲစဉ်မှာ ကာတလန်ကလပ်ရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာမို့ အသင်းကနေ ထွက်ခွာဖြစ်ဖို့ သေချာနေသူဖြစ်ပါတယ်။
စပိန်ထိပ်တန်းသတင်းထောက် အဲလက်စ် ရိုဒရီဂွက်ဇ်ကတော့ အာဆင်နယ်အသင်းရဲ့ ဦးစားပေးပစ်မှတ်ဟာ ရီးရဲလ်မက်ဒရစ်က မာတင် အိုဒီဂတ်ဖြစ်ပေမယ့် ဘာစီလိုနာဘက်ကသာ ကော်တင်ဟိုကို အလိုက်ပေးပြီး အူဘာမီယန်းကို ခေါ်ယူဖို့ အမှန်တကယ်ကြိုးပမ်းလာမယ်ဆိုရင် အဆိုပါကမ်းလှမ်းချက်ကို သေချာပေါက် လက်ခံသွားလိမ့်မယ်လို့ ဆိုထားပါတယ်။
Source: The Mirror, AS, SPORT