ကျန်းမာချင်ရင် စောစောအိပ်ယာဝင်ပါ

လူတစ်ယောက်ကျန်းမာရွှင်လန်းစွာ ရှင်သန်နေထိုင်ချင်တယ်ဆိုရင် အိပ်ယာဝင်ချိန်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းဟာ လူ့ကျန်းမာရေးနဲ့ အမြဲဆက်စပ်နေတတ်တာမို့ပါ။

လူတစ်ယောက်ဟာ ည ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင်တွေမှာ ပုံမှန်အိပ်စက်သင့်ပါတယ်။ အိပ်စက်ချိန်ကလည်း ပျမ်းမျှ ၆-၈ နာရီလောက် ကြာမြင့်သင့်ပါတယ်။ ဒါမှသာ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

တကယ်လို့သင်သာ သန်းခေါင်မတိုင်ခင် ဒါမှမဟုတ် ည ၉ နာရီနဲ့ ၁၀ နာရီအကြားမှာ ပုံမှန် အိပ်စက်မယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရလာမှာပါ။

ဝိတ်ကျမယ် – ညဉ့်နက်မှ အိပ်တာလေလေ ကိုယ်အလေးချိန်တိုးလေလေပါ။ ဒီတော့ စောစောစီးစီးအိပ်ယာဝင်ရင် သင်ဝိတ်ကျပါလိမ့်မယ်။

အိပ်မက်ဆိုးတွေ မမက်တော့ဘူး – ညဉ့်နက်သန်းခေါင်မှ အိပ်ရင် အိပ်မက်ဆိုးပိုမက်ပါတယ်။ ညဉ့်နက်မှ အိပ်ယာဝင်ခြင်းဟာ stress hormone တွေကို တိုးပွားစေတာမို့ ခုလိုအိပ်မက်ဆိုးတွေ၊ ဘီလူးစီးတာတွေဖြစ်တာပါ။

ပျော်ရွှင်စေမယ် – အိပ်ယာဝင်တာစောပြီး အိပ်ချိန်လုံလောက်တဲ့သူတွေဟာ ကြည်လင်လန်းဆန်းနေတတ်ပြီး စိတ်ချမ်းသာပျော်ရွှင်နေမှာ ဖြစ်ပါတယ်။

ပူပင်သောကင်းမယ် – အိပ်ယာဝင်ချိန်နောက်ကျလေလေ ပူပင်သောကများလေလေပါပဲ။ အကောင်းဆုံးကတော့ စောစောအိပ်ယာဝင်နိုင်ရင် သောကတွေကို အများကြီးလျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။

အာရုံစူးစိုက်မှု အားကောင်းမယ် – အိပ်ယာကနေ လန်းဆန်းတက်ကြွစွာ ထလာနိုင်တာကြောင့် တစ်နေ့တာလုံးမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ လုပ်နိုင်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ည ၁၁ နာရီခွဲမတိုင်ခင် အိပ်စက်တာက နောက်ရက်မှာ အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်တဲ့။

ကျန်းမာရေးကောင်းစေမယ် – အိပ်ယာဝင်တာ နောက်ကျတဲ့အခါ ခန္ဓာကိုယ်က ပိုပြီးပင်ပန်းနွမ်းနယ်လာတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ဟာ ဘက်တီးရီးယားတွေကို တွန်းလှန်ရာမှာ အားနည်းသွားစေမှာ ဖြစ်ပါတယ်။

အသားအရေလှမယ် – စောစောအိပ်တဲ့အခါ ခန္ဓာကိုယ်က စောစောစီးစီးနဲ့ အချိန်လုံလုံလောက်လောက်လည်း အနားယူခွင့်ရတာမို့ အရေပြားဆဲလ်တွေ ပြန်လည်ပြုပြင်တဲ့လုပ်ငန်းစဉ်ကို ကောင်းကောင်းအချိန်ယူပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ပြီး အမဲစက်တွေ ထွက်ပေါ်တာမျိုးလည်း ရှိလာတော့မှာမဟုတ်ပါဘူး။

ဆီးချိုကို တားဆီးပေးတယ် – အိပ်ယာဝင်တာနောက်ကျတဲ့လူတွေဟာ စောစောအိပ်ယာဝင်သူတွေထက် ဆီးချိုဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။

မျိုးပွားနိုင်စွမ်း မြင့်မယ် – အိပ်ချိန်နောက်ကျတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ရနိုင်ခြေ၊ ကလေးရနိုင်ခြေ လျော့နည်းသွားတတ်ပါတယ်။

မှတ်ဉာဏ်ကောင်းလာမယ် – အကြောင်းအရာတွေကို ရုတ်တရက် မေ့နေတာမျိုး၊ စဉ်းစားရခက်နေတာမျိုးတွေက အိပ်ရေးမဝတာ၊ အိပ်ယာဝင်ချိန်နောက်ကျတာတွေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အိပ်ရေးဝရင် သင့်မှတ်ဉာဏ်တွေ ကောင်းမွန်နေမှာပါ။

Leave a Reply