ကွင်းလယ်ဖန်တီးရှင်နေရာအတွက် လူသစ်ခေါ်ဖို့ လိုအပ်ရဲ့လား

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ခံစစ်မှူးဟောင်း နိုက်ဂျယ် ဝင်းတားဘန်းက ဂန်းနားတွေအနေနဲ့ ကွင်းလယ်ဖန်တီးရှင်နေရာအတွက် ကစားသမားသစ်ခေါ်ယူဖို့ ကြိုးပမ်းနေမယ့်အစား အသင်းက လူငယ်ကြယ်ပွင့်တွေကို အခွင့်အရေးပေးသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားပါတယ်။

အာဆင်နယ်အသင်းဟာ အငှားစာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တာမို့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြန်သွားခဲ့ပြီဖြစ်တဲ့ နော်ဝေ ကွင်းလယ်ဖန်တီးရှင် မာတင် အိုဒီဂတ်ရဲ့နေရာကို အစားထိုးဖို့ ထိပ်တန်းကွင်းလယ်ဖန်တီးရှင်တစ်ချို့ကို ပစ်မှတ်ထားနေပြီး သူတို့ပစ်မှတ်ထားနေတဲ့အထဲမှာ အိုဒီဂတ်ကိုယ်တိုင်အပြင် ဂျိမ်းစ် မက်ဒီဆင်၊ မာဆယ် ဆဘစ်ဇာနဲ့ ဟူဆန် အူဝါတို့လည်း ပါဝင်နေပါတယ်။

ဝင်းတားဘန်းကတော့ ဂန်းနားတွေအနေနဲ့ ကွင်းလယ်ဖန်တီးရှင်နေရာအတွက် ကစားသမားသစ်ဖြည့်တင်းတာထက် အသင်းမှာရှိနေတဲ့ စမစ်-ရိုး၊ ဝေးလော့ခ်စတဲ့ ခြေစွမ်းထက် လူငယ်ကြယ်ပွင့်တွေကို နေရာပေးပြီး အသုံးချသင့်တယ်လို့ တိုက်တွန်းခဲ့တာပါ။

“အသင်းဆီကို ကွင်းလယ်တိုက်စစ် ဒါမှမဟုတ် ကွင်းလယ်ဖန်တီးရှင် နောက်ထပ်တစ်ဦးလောက် ထပ်ရောက်လာနိုင်ခြေရှိတာကို ကျွန်တော်သိပါတယ်။ အသင်းက ထိပ်တန်းအဆင့် ကွင်းလယ်ဖန်တီးရှင်တစ်ယောက်လောက် လိုချင်နေတာသိသာပါတယ်” လို့ ဝင်းတားဘန်းက Netbet ကို ပြောဆိုသွားပါတယ်။ “ဒါပေမယ့် ကျွန်တော်တို့မှာ ဂျိုး ဝေးလော့ခ်ရှိတယ်ဗျာ။ သူက မာကျောပြီး ပြေးအားတိုးအားကောင်းတယ်။ ဘောလုံးသယ်ယူပုံကောင်းတယ်။ ဧရိယာအတွင်းကို ကောင်းကောင်းဝင်မွှေနိုင်တယ်။ ပင်နယ်တီဧရိယာဝန်းကျင်ကို လွှမ်းမိုးထိမ်းချုပ်နိုင်တယ်။ ဒါက အိုဒီဂတ်လို အရည်အသွေးမျိုးပဲ မဟုတ်ဘူးလားဗျ” လို့လည်း သူကဆိုသွားခဲ့ပါသေးတယ်။

“နောက်ပြီး အီမီလီ စမစ်-ရိုးကလည်း ဒီနေရာမှာ ကောင်းကောင်းကစားနိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ရာသီကတည်းက သက်သေပြခဲ့ပြီးသားပါ။ ပြောရရင် အသင်းမှာ ကွင်းလယ်ဖန်တီးရှင်နေရာအတွက် ရွေးချယ်စရာတွေရှိပြီးသားပါ။ တကယ်လို့သာ အသင်းက တခြားတစ်ယောက်ယောက်ကို ခေါ်ခဲ့မယ်ဆိုရင် သူတို့လေးတွေ မပျော်မရွှင်ဖြစ်လာနိုင်ပါတယ်” လို့လည်း သူကဆိုသွားခဲ့ပါတယ်။

အီမီလီ စမစ်-ရိုးဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၃၃ ပွဲပါဝင်ကစားကာ ၅ ဂိုးသွင်းယူပြီး ၇ ဂိုးဖန်တီးနိုင်ခဲ့သူပါ။ ဂျိုး ဝေးလော့ခ်ဟာလည်း နယူးကာဆယ်မှာ အငှားသွားရောက်ကစားရင်း ၁၂ ပွဲကစား ၈ ဂိုးသွင်းယူကာ ထက်မြက်တဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်ကို သက်သေပြသထားသူဖြစ်ပါတယ်။

Source: Netbet

Leave a Reply