
အာဆင်နယ်ကစားသမားသစ် ဘန်ဝှိုက်ရဲ့ လိဒ်စ်ယူနိုက်တက် အသင်းဖော်ဟောင်း လုခ် အိုင်းလင်းက အဆိုပါ အင်္ဂလိပ်ဗဟိုခံစစ်မှူးဟာ ခံစစ်တန်းရဲ့ ယိုဟန် ခရိုက်ဖ်လိုကစားသမားလို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။
အာဆင်နယ်ကစားသမားဟောင်းလည်းဖြစ်တဲ့ လုခ် အိုင်းလန်းကတော့ ဘန်ဝှိုက်ဟာ ခံစစ်မှူးတစ်ယောက်ဖြစ်ပေမယ့် ဘောလုံးကိုကျင်လည်စွာ ကိုင်တွယ်ကစားနိုင်ပြီး ခံစစ်ကိုလည်း ကောင်းကောင်းဦးဆောင်နိုင်သူဖြစ်တာကြောင့် ဂန်းနားတွေအတွက် မှန်ကန်တဲ့ခေါ်ယူမှုဖြစ်တယ်လို့ ထောက်ခံချက်ပေးခဲ့ပါတယ်။

“သူက ခံစစ်တန်းရဲ့ ယိုဟန် ခရိုက်ဖ်ပါပဲ။ ဘာလို့လဲဆိုရင် သူ့မှာ ထိပ်တန်းအရည်အသွေးတွေ အများကြီး ပိုင်ဆိုင်ထားတာကြောင့်ပါ” လို့ သူနဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းက တစ်ရာသီကြာ တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းအကြောင်းကို ခံစစ်မှူး လုခ် အိုင်းလန်င်းက ဖွင့်ဟခဲ့ပါတယ်။
“သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ မာကျောမှုက ဘယ်သူမှ မေးခွန်းမထုတ်နိုင်လောက်အောင် ကောင်းပါတယ်။ ဒါတွေကို သူဘယ်လို ပိုင်ဆိုင်လာလဲ ဘယ်သူမှမသိနိုင်ပါဘူး။ တစ်စုံတစ်ယောက်က ဒီလို ကိုယ်ရောစိတ်ပါ မာကျောကြံ့ခိုင်တဲ့ ကစားသမားမျိုးရှိလားလို့ မေးလာရင် သူ့ကို လက်ညှိုးညွှန်ရမှာပါပဲ။ သူက တကယ့်ကို စိတ်ဓာတ်ခိုင်မာပြီး အရည်အသွေးမြင့်မားတဲ့ ကစားသမားအစစ်အမှန်ပါပဲ။ သူ့ရဲ့ အရည်အသွေးတွေကို ကန့်သတ်နိုင်တာ ကောင်းကင်ကြီးပဲရှိပါလိမ့်မယ်” လို့လည်း သူကဆိုသွားပါတယ်။

အာဆင်နယ်ဂန္တဝင် ဂိုးသမားဟောင်း ဒေးဗစ် ဆီးမန်းကလည်း ဘန်ဝှိုက်ဟာ အာဆင်နယ်ခံစစ်တန်းကို ပိုမိုမာကျောစေမယ့် ကစားသမားလို့ သုံးသပ်ခဲ့ပြီး ပွဲကြီးတွေမှာ အလုပ်ဖြစ်/မဖြစ်သာ သက်သေပြဖို့ လိုအပ်တဲ့သူဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။
“သူ့မှာ ခံစစ်တန်းတစ်ခုလုံးကို ကာကွယ်ပေးနိုင်မယ့် အရာအားလုံး ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူ့ရဲ့ အကောင်းဆုံးအခိုက်အတန့်တွေကိုလည်း စတင်ပိုင်ဆိုင်နေချိန်ပါ။ သူက အသင်းအတွက် ဘာမဆို ပေးဆပ်မယ့်လူမျိုးလည်း ဖြစ်နေပြန်ပါတယ်။ သူက ရုပ်ပိုင်းဆိုင်ရာအရ မာကျောတယ်၊ ပေါက်ကွဲပြီး ကစားတတ်တယ်။ လိဒ်စ်လို ဖိအားပေးစနစ်ကောင်းတဲ့အသင်းမှာ ကစားဖူးတယ်၊ တမ်ပိုအမြင့် ကစားပွဲတွေမှာ အကျွမ်းတဝင်ရှိတယ်။ သူ့ရဲ့ ကြံ့ခိုင်မှုကလည်း သံသယဝင်စရာ တစ်ချက်မှမရှိဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မေးခွန်းတစ်ခုပဲရှိပါတယ်။ ပွဲကြီးတွေမှာ အလုပ်ဖြစ်မဖြစ်ဆိုတာပါပဲ။ ဒီတစ်ချက်ကိုတော့ သူ သက်သေပြရပါလိမ့်မယ်” လို့ ဆီးမန်းက ဆိုခဲ့တာပါ။
Source: talkSPORT