
ဆင်နယ်ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှီးယားက ဂန်းနားတွေအနေနဲ့ အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းတစ်သင်းဖြစ်လာချင်တယ်ဆိုရင် မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို မဖြစ်မနေ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဂန်းနားတွေဟာ လက်တလောမှာ ကွင်းလယ်ခံစစ်ကို အားဖြည့်ဖို့အတွက် ကစားသမားသစ် ရှာဖွေနေပြီး မန်နူရယ် လိုကာတယ်လီ၊ ဘရူနို ဂွီမာရေးစ်၊ အီဗက် ဘစ်ဆူးမား၊ ဆန်ဒါ ဘာ့ဂျ်စတဲ့ကစားသမားတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အသင်းဖြစ်ပါတယ်။

ဝီလ်ရှီးယားကတော့ အသက် ၁၉ နှစ်အရွယ်မှာ ကတည်းက ဝက်စ်ဟမ်းအသင်းရဲ့ အမာခံကွင်းလယ်ကစားသမားနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် ဒက်ကလန် ရိုက်စ်ကိုသာ ခေါ်ယူဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ “အာဆင်နယ်သာ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူလိုက်မယ်ဆိုရင် သူတို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းဖြစ်လာမှာပါ” လို့ ဝီလ်ရှီးယားက talkSPORT ရဲ့ Preview Show မှာ ပြောဆိုသွားပါတယ်။
ဒါ့အပြင် ဝီလ်ရှီးယားက ရိုက်စ်ဟာ မာကျောကြံ့ခိုင်ပြီး ဘောလုံးအမြင်လည်းရှိတဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်တာကြောင့် သောမတ် ပါတေးနဲ့သာတွဲဖက်လိုက်မယ်ဆိုရင် အာဆင်နယ်ကွင်းလယ်ဟာ ထိမ်းမနိုင်သိမ်းမရ ကောင်းမွန်သွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်ကတော့ အာဆင်နယ်မှာ သူ့ကို တွေ့မြင်ချင်ပါတယ်။ ပါတေးနဲ့ ရိုက်စ်သာတွဲဖက်လိုက်မယ်ဆိုရင် ရှေ့က တိုက်စစ်ကစားသမား ၅ ယောက်လုံး စိတ်တိုင်းကျ သောင်းကျန်းလို့ရပါပြီ။ လုံးဝသေချာပေါက်ပါပဲ။ ဒါပေမယ့် သူ့အတွက် ပေါင် သန်း ၈၀ လောက်တော့ သုံးရပါလိမ့်မယ်” လို့ သူက ဆိုသွားခဲ့ပါတယ်။
ဝီလ်ရှီးယားဟာ အာဆင်နယ်နဲ့ လမ်းခွဲပြီး ဝက်စ်ဟမ်းထံ ပြောင်းရွှေ့ကစားခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၀ ကြားကာလတွေမှာ အဆိုပါလူငယ်ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်နဲ့ တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။
Source: talkSPORT