ချာလီ ပါတီနို ဘာစီလိုနာဆီ မပြောင်းအောင် ကာကွယ်ရတော့မယ့် အာဆင်နယ်

စပိန်အခြေစိုက် သတင်းစာဆရာ ပီယိုတာ ဂူဇင်စကီးရဲ့ ပြောဆိုချက်အရ ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းက လူငယ်ကွင်းလယ်လူ ချာလီ ပါတီနိုကို ခေါ်ယူဖို့ မျက်စိကျနေပြီး စောင့်ကြည့်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ စပိန်-အင်္ဂလိပ် နွယ်ဖွား ကွင်းလယ်ကြယ်ပွင့်လေးဟာ အာဆင်နယ် ယူ-၂၃ အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်နေသူဖြစ်ပြီး ပထမအသင်းကြီးထံ တက်လှမ်းခွင့်ရဖို့လည်း နီးစပ်မှုရှိနေသူပါ။ ဒါ့အပြင် သူနဲ့သက်တူရွယ်တူ ကစားသမားအစုအဖွဲ့ထဲမှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

ဂူဇင်စကီးရဲ့ ပြောဆိုချက်အရတော့ ပါတီနိုကို အလိုရှိနေတဲ့အသင်းတွေ အမြောက်အများရှိနေပြီး ဝိုင်းဝန်းကင်းထောက်စောင့်ကြည့်မှုတွေ အပြိုင်အဆိုင်ပြုလုပ်နေကြကာ အဲဒီထဲမှာမှ အတက်ကြွဆုံးက ဘာစီလိုနာအသင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ စပိန်လက်ရွေးစင်ဖြစ်ချင်နေတဲ့ ပါတီနိုကို အဆိုပါအိပ်မက်ကို အကောင်အထည်ဖော်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ချဉ်းကပ်သွားဖို့ စီစဉ်နေတာပါ။ အင်္ဂလန်မှာမွေးပြီး အင်္ဂလန်မှာကြီးပြင်းခဲ့တဲ့ ပါတီနိုဟာ လက်ရှိအချိန်အထိ သက်တမ်းအလိုက် အင်္ဂလန် လူငယ်အသင်းတွေမှာသာ ကိုယ်စားပြုကစားနေဆဲဖြစ်ပေမယ့် ဖခင်ဖြစ်သူရဲ့ မွေးရပ်မြေ စပိန်အတွက် လက်ရွေးစင်အဆင့်မှာပါဝင်ကစားပေးဖို့ စိတ်ကူးရှိထားကြောင်း အတိတလင်းထုတ်ဖော်ပြောဆိုထားသူပါ။

ဒါ့အပြင် ပါတီနိုရဲ့ ခြေစွမ်းကို မျက်စိကျနေတဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း အဆိုပါကစားသမား သက်တမ်းအလိုက် စပိန်လူငယ်အသင်းတွေကို ရွေးချယ်လာစေဖို့အတွက် စည်းရုံးနားချသွားဖို့ရှိနေပြီး စပိန်ဘောလုံးလောကမှာ အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အဆိုပါအခြေအနေကို အခွင့်ကောင်းယူပြီး ပါတီနိုကို ကြားဝင်ကြိုးပမ်းဖွယ်ရှိနေတာပါ။

ဘာစီလိုနာအသင်းအတွက် သတင်းကောင်းဖြစ်လာတာကတော့ ပါတီနိုရဲ့ ဖခင်ဖြစ်သူ ဂျူလီယို ပါတီနို ကိုယ်တိုင်က သူ့သားဟာ ဘာစီလိုနာအသင်းရဲ့ အမာခံပရိတ်သတ်ဖြစ်တယ်လို့ ထုတ်ဖော်ဝန်ခံထားတာပဲဖြစ်ပါတယ်။ ဂူဇင်စကီးကတော့ အာဆင်နယ်သင်းအနေနဲ့ ပါတီနိုကို လုံလောက်တဲ့အခွင့်အရေး မပေးနိုင်ခဲ့ရင် အဆိုပါကြယ်ပွင့်လေးကို အသင်းမှာဆက်လက်ထိမ်းသိမ်းဖို့ အတော်လေး ရုံးကန်ရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Source: Piotr Guzinski

Leave a Reply