ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့ ကစားသမားအလိုက်ပေးပြီး အာဆင်နယ်အသင်း ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ လက်စတာစီးတီးအသင်းက ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူဖို့အတွက် ငွေသားတစ်ချို့တစ်ဝက်နဲ့ ကစားသမားအလိုက်ပေးကာ ကမ်းလှမ်းမှုပြုလုပ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းဟာ မက်ဒီဆင်ရဲ့ တန်ဖိုးကို ပေါင် သန်း ၆၀ အဖြစ်သတ်မှတ်ပြီး ငွေသားတစ်ချို့တစ်ဝက်နဲ့ ကစားသမားတစ်ဦးအလိုက်ပေးကာ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာလို့ သိထားရပါတယ်။

ဒါပေမယ့် အာဆင်နယ်ဘက်က ငွေသားပမာဏ ဘယ်လောက်နဲ့ ကမ်းလှမ်းခဲ့သလဲဆိုတာနဲ့ ဘယ်ကစားသမားကို အလိုက်ပေးခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ Football London ကတော့ ဂန်းနားတွေဟာ ငွေသား ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ဂျိုး ဝေးလော့ခ်၊ ရီးစ် နယ်လ်ဆင်နဲ့ အက်ဒီ နကီတီယာတို့ထဲက တစ်ဦးဦးကို အလိုက်ပေးကာ ကမ်းလှမ်းခဲ့ဖွယ်ရှိကြောင်း ခန့်မှန်းသုံးသပ်ထားပါတယ်။

Football London ကတော့ အာဆင်နယ်အသင်းရဲ့ ဂျိမ်းစ် မက်ဒီဆင်ကို ခေါ်ယူရေးကြိုးပမ်းမှုဟာ စစ်တုရင်ကစားနေတာနဲ့ ဆင်တူပြီး နှေးကွေးပေမယ့် နည်းဗျူဟာမြောက်တယ်လို့ သုံးသပ်သွားပါတယ်။ ဒါ့အပြင် အဆိုပါသတင်းမှာပဲ ကာယကံရှင်ဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ လက်စတာစီးတီးအသင်းဘက်က အဖြေကို ပြန်လည်အကြောင်းပြန်ခြင်းမရှိသေးပေမယ့် အာဆင်နယ်ဘက်က မက်ဒီဆင်အပြောင်းအရွှေ့အတွက် ကြားခံပွဲစားငှားရမ်းကာ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း အပြောင်းအရွှေ့ဟာ တိုးတက်မှုတွေရှိလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြ အာတီတာက ဘန်ဝှိုက်ကို ခေါ်ယူစဉ်တုန်းက အင်္ဂလန်သားရဲ့ အပြောင်းအရွှေ့ဟာ ယခုနှစ်နွေရာသီအတွက် တစ်ခုတည်းသော ထိပ်တန်းအပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ပဲ နောက်ထပ်ထိပ်တန်းအပြောင်းအရွှေ့တွေ ဆက်လက်မြင်တွေ့ရဦးမယ်လို့ ဆိုထားပြီး လက်ရှိအချိန်မှာလည်း ဂျိမ်းစ် မက်ဒီဆင်၊ လော်တာရို မာတီနက်ဇ်နဲ့ ဘရူနို ဂွီမာရေးစ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source: The Mirror, Football London

Leave a Reply