ဂွမ်ဒူဇီအတွက် ပြောင်းရွှေ့ကြေးပြန်ရတာ ကံကောင်းတယ်လို့ ဂန္တင်ဟောင်း သုံးသပ်

ဂန္တဝင်ဟောင်း ကီဗင် ကမ်းဘဲလ်က မက်တီယို ဂွမ်ဒူဇီလို ခံယူချက်ယိုယွင်းနေတဲ့ကစားသမားမျိုးအတွက် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာပြန်ရနိုင်ခြေရှိနေတာကိုက ကံကောင်းတဲ့အခြေအနေတစ်ရပ်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

မက်တီယို ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းမှာ စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့် နည်းပြအာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ယမန်နှစ်ရာသီတုန်းက ဂျာမန်ကလပ် ဟာသာဘာလင်အသင်းထံ အငှားထွက်ကစားခဲ့ရသူဖြစ်ပြီး ဂျာမန်ကလပ်နဲ့ မူလသဘောတူညီချက်မှာ ရာသီကုန်ခေါ်ယူခွင့် ပါဝင်ပေမယ့် အသင်းဖော်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရာသီကုန်ချိန်မှာ ခေါ်ယူဖို့ ငြင်းဆိုခံခဲ့ရကာ အမ်းမရိတ်ထံ ပြန်ပို့ခြင်းခံခဲ့ရသူပါ။

ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်းကို မပြောင်းရွှေ့ခင် လိုရီးယန့်မှာတုန်းကလည်း အသင်းဖော်တွေနဲ့သာမက နည်းပြနဲ့ပါ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ပြင်သစ်ကလပ်က အလျှင်အမြန်ရောင်းထုတ်ခဲ့တာဖြစ်တယ်လို့ သူနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့ ဂန်းနားဟောင်း အလီယာဒီရေးက ပြောဆိုခဲ့ဖူးပါတယ်။

ယခု ဂွမ်ဒူဇီကို ခေါ်ယူသွားတဲ့ ပြင်သစ်ကလပ် မာဆေးလ်အသင်းကလည်း အစောပိုင်းကာလတွေတုန်းက ပြောင်းရွှေ့ကြေး ပေးချေခြင်းမရှိပဲ အလွတ်ခေါ်ယူခွင့်ရဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းက စာချုပ်မှာ အလိုအလျောက် တစ်နှစ်သက်တမ်းတိုးခွင့် သဘောတူညီချက်ရှိကြောင်း သတိပေးခဲ့တာကြောင့်သာ ပြောင်းရွှေ့ကြေးပေးချေဖို့ သဘောတူခဲ့တာပါ။ လက်ရှိသတင်းတွေအရ မာဆေးလ်ဟာ ဂွမ်ဒူဇီကို အငှားစာချုပ်နဲ့ခေါ်ယူထားပြီး အပြီးသတ်ခေါ်ယူခွင့်ကိုတော့ ခြေစွမ်းပေါ်မူတည်ကာ ရာသီကုန်ချိန်မှ ဆုံးဖြတ်မယ့် (Option to buy) စနစ်နဲ့သာ သဘောတူညီချက် ရယူထားတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ကမ်းဘဲလ်က “ပြောရရင် ခုသူ့အတွက် ရမယ့် (ရနိုင်ခြေရှိတဲ့) ပမဏက နည်းတယ်လို့ လူတွေက ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ခုခေတ် ဘောလုံးလောကရဲ့ ဘဏ္ဍာရေးကျပ်တည်းမှုကို ခင်ဗျားတို့လည်း သိပါတယ်။ ဒီအချိန်မှာ ဘယ်အသင်းကမှ မလိုအပ်ပဲ ဈေးကြီးကြီး ပေးမခေါ်ချင်ကြပါဘူး။ အသင်းတော်တော်များများမှာ ငွေခမ်းနေကြပါတယ်။ ဂွမ်ဒူဇီလို စည်းကမ်းပိုင်းနဲ့ ခံယူချက်ပိုင်းမှာ ပြဿနာရှိနေတဲ့ ကစားသမားတစ်ယောက်ကို ပြောင်းရွှေ့ကြေးပေးချေဖို့ စဉ်းစားတာနဲ့တင် အတော် ကျေးဇူးတင်သင့်နေပါပြီ” လို့ ကမ်းဘဲလ်က ဆိုခဲ့ပါတယ်။

ဂွမ်ဒူဇီဟာ လက်ရှိမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပေမယ့် သူကစားခဲ့တဲ့ လိုရီးယန့်၊ အာဆင်နယ်၊ ဟာသာဘာလင် ၃ သင်းလုံးကနေ နာမည်ဆိုးနဲ့ထွက်ခွာခဲ့ရသလို အသင်းတိုင်းကလည်း ပြန်လည်အလိုမရှိကြတော့တာမို့ ဒီအနေအထားဟာ အတော်လေးဆိုးရွားတယ်လို့ ကမ်းဘဲလ်က သုံးသပ်သွားပါတယ်။ “ကျန်ခဲ့တဲ့သမိုင်းတွေအရဆိုရင် သူ့ရဲ့ စိတ်နေစိတ်ထားက အတော်လေး အခြေအနေဆိုးပါတယ်။ ပေါင် ၁၂ သန်းဆိုတာ မများတာမှန်ပါတယ်။ ဒါပေမယ့် သူ့အတွက် ဒီလောက်ရတာကတော့ များတာထက်တောင် ပိုနေပါသေးတယ်” လို့ သူက Football Insider’s Dylan Childs Show မှာ ပြောဆိုသွားပါတယ်။

Source: Football Insider

Leave a Reply