စပါးနဲ့ပွဲမှာ ပါတေးရဲ့ တွဲဖက် ဘယ်သူဖြစ်မလဲ

မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ သောမတ် ပါတေးနဲ့တွဲဖက်ပြီး အာဆင်နယ်ကွင်းလယ်မှာ ပွဲထွက်ကစားခွင့်ရမယ့် ကွင်းလယ်လူ ဘယ်သူဖြစ်မလဲဆိုတာက လက်တလောမှာ ပရိတ်သတ်တွေ စိတ်ဝင်စားမှုအရှိဆုံး ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။

လက်တလောမှာ ပွဲပါယ်ပြစ်ဒါဏ်စေ့လာတဲ့ ဂရာနစ် ရှာခါနဲ့ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါတို့ နှစ်ဦးထဲက တစ်ဦးကို သောမတ် ပါတေးနဲ့ တွဲဖက်ကစားဖို့ နည်းပြအာတီတာက ရွေးချယ်ပွဲထုတ်လာဖို့ ရှိနေပါတယ်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ စပါးနဲ့ပွဲအတွက် ရှာခါတစ်ယောက် အစွမ်းကုန်ကြိုးစားနေတယ်လို့ နည်းပြအာတီတာက ပြောဆိုထားသလို ဆမ်ဘီ လိုကွန်ဂါဟာလည်း ပွဲထွက်ခွင့်နဲ့ထိုက်တန်တယ်လို့ ဆိုသွားခဲ့ပါတယ်။ ပွဲထွက်လူစာရင်းကို ပြိုင်ဘက်အသင်း ခန့်မှန်းမရအောင် ဗျူဟာချပြောဆိုခဲ့တာဖြစ်ပေမယ့် ပရိတ်သတ်တွေကတော့ ရှာခါအစား လိုကွန်ဂါကိုသာ အသုံးပြုဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေကြတာပါ။

ထိပ်တန်းသတင်းထောက် ခရစ္စတီယန် ဖောလ်ထ်ကဆိုရင်လည်း လိုကွန်ဂါဟာ ပုံမှန်ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်တာထက်တောင် လွန်နေပြီလို့ မှတ်ချက်ပြုခဲ့ပါတယ်။ “ငယ်ရွယ်ပျိုမြစ်ပြီး နိုင်ငံတကာပွဲထွက်ခွင့်လည်း ရနေတဲ့ ပါရမီရှင်ကွင်းလယ်လူတစ်ယောက်ကို ဘာကြောင့် မျက်ကွယ်ပြုရမှာလဲ။ သူက လန်ဒန်ဒါဘီအတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူက ချယ်လ်ဆီးလိုအသင်းမျိုးကိုတောင် ကောင်းကောင်းရင်ဆိုင်ပြခဲ့တဲ့သူပါ။ ဒါတောင်မှ သူ့ကို အဆင်သင့်မဖြစ်သေးဘူးလို့ ထင်နေတာလား? သူက အဆင်သင့်ဖြစ်နေပါပြီ၊ အဆင်သင့်ဖြစ်တာထက်တောင် ပိုပါသေးတယ်” လို့ သူကဆိုသွားတာပါ။

နည်းပြ မီခယ် အာတီတာ ကိုယ်တိုင်ကလည်း Arseblog နဲ့ အင်တာဗျူးမှာ ဆမ်ဘီ လိုကွန်ဂါဟာ လန်ဒန်ဒါဘီမှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုထားပြီး ဘာမဆိုမျှော်လင့်ထားလို့ရတယ်လို့ ဘယ်လ်ဂျီယံသားအတွက် သတင်းစကား ဆိုထားပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင် ဆမ်ဘီ လိုကွန်ဂါဟာ ယခုနှစ်နွေရာသီတုန်းကမှ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၅ ပွဲအထိ ပါဝင်ကစားပေးခွင့်ရရှိထားသူပါ။

Source: HITC, Arseblog

Leave a Reply