စပ်စုပါ၊ စပ်စုတိုင်း မကောင်းဘူးလို့ မထင်ပါနဲ့

နာမည်ကျော် ကာတွန်းပညာရှင်ကြီး ဝေါ့တ် ဒစ်စနေက ပြောဖူးတယ် “ခင်ဗျား စူးစပ်စပ်စုချင်စိတ်ဖြစ်လာရင် စိတ်ဝင်စားစရာ အရာတွေအများကြီး ရှာတွေ့လိမ့်မယ်” တဲ့။ ကမ္ဘာကျော်ဆိုစကားတစ်ခုရယ်ပါ။

များသောအားဖြင့် လူအတော်များများမှာ စပ်စုတတ်တဲ့ သဘာဝရှိတတ်ပါတယ်။ ဒါပေမယ့် သူများက ကိုယ့်ကို စပ်စုရင်တော့ မကြိုက်တတ်ကြပါဘူး။ စပ်စုတတ်တဲ့ အေ့လအထကို ယျေဘုယျအားဖြင့် နှစ်လိုဖွယ်ရာ အမူအကျင့်လို့ မမြင်တတ်ကြပါဘူး။

ဟုတ်တော့လည်း ဟုတ်တယ်လေ။ စပ်စုခံရတယ်ဆိုတာ သိပ်တော့ ကောင်းလှတာမဟုတ်ဘူး။ တစ်ဖက်လူက ပြောချင်တာ၊ မပြောချင်တာ စသဖြင့် စိတ်အခြေအနေအမျိုးမျိုးရှိနေနိုင်တာကိုး။

ဒါပေမယ့် စပ်စုတတ်တဲ့သူတွေအနေနဲ့ကတော့ ဒီစိတ်လေးကို အပြစ်လို့ မမြင်ကြပါနဲ့။ စပ်စုတတ်တာက လူအမြင်ကပ်စရာချည်း၊ ဆိုးနေတာချည်းတော့လဲ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ကောင်းတဲ့ အကျိုးတွေလည်းရှိနေပါတယ်။

စပ်စုတတ်တဲ့သူတွေရနိုင်တဲ့ အကျိုးကျေးဇူးတွေက ယျေဘုယျအားဖြင့် အချက် ၁၀ ချက်ရှိပါတယ်။ ဘာတွေလဲဆိုတာပြောပြပေးမယ်နော်။

စပ်စုစိန်တို့ရဲ့ အားသာချက်များ

၁။ စူးစမ်းစိတ်၊ စပ်စုချင်စိတ်ဟာ လူသားဘဝကို အကျိုးပြုနေတယ် – တကယ်လို့များ ဘယ်သူမှ စူးစမ်းလေ့လာချင်စိတ်၊ စပ်စပ်စုစုလုပ်ချင်စိတ် မရှိကြဘူးဆိုရင် ဘာမှတီထွင်ဖြစ်ကြတော့မှာ မဟုတ်ဘူးလေ။ လူသားတွေဟာ ဒီနေ့ဒီအချိန်မှာ ကမ္ဘာဦးတုန်းကအတိုင်း ဆက်ရှိနေကြဦးမှာနော်။

၂။ စပ်စုချင်စိတ်ဟာ ပျော်ရွှင်စေတယ် – ဒီစိတ်ရှိတဲ့သူတွေအတွက် သူတို့သိချင်တာ သိလိုက်ရတဲ့ စိတ်ခံစားချက်ဟာ အလွန်ကျေနပ်ပျော်ရွှင်ဖွယ်ရာပါတဲ့။ စိတ်ပညာဆိုင်ရာလေ့လာချက်တွေအရ စပ်စုချင်စိတ်ဟာ သောကတွေ၊ ပူပင်မှုတွေကို လျှော့ချပေးနိုင်သလို ကျေနပ်ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှုအပေါ် ကျေနပ်နှစ်သက်စေတယ်လို့ ဆိုထားပါတယ်။ ပြောရရင် စိတ်ချမ်းသာစေတယ်ပေါ့။

၃။ အောင်မြင်မှုတွေရအောင် တွန်းအားပေးတယ် – လိုချင်စိတ်၊ သိချင်စိတ်ရှိမှ ရှေ့ဆက်ပြီး လှမ်းလျှောက်နိုင်မှာပါ။ အောင်မြင်မှုတွေကို ဆွတ်ယူနိုင်ဖို့ တွန်းအားလိုအပ်ပါတယ်။ ဒီတွန်းအားတွေထဲမှာ သိချင်စိတ်၊ စပ်စုချင်စိတ်၊ စူးစမ်းလိုစိတ်တွေလည်း အပါအဝင်ပါပဲ။

၄။ မျှဝေခံစားတတ်ကြတယ် – စပ်စပ်စုစုလုပ်တတ်သူတွေက မျှဝေတတ်ကြတယ်ဆိုတာကို မြန်မာကားတွေ ကြည့်ရင်ကို သိနိုင်ပါတယ်နော်။ ရပ်ကွက်ထဲပတ်ပြီး အတင်းတုတ်တဲ့သူတွေအဖြစ် အနုတ်လက္ခဏာဆောင်တဲ့ ဘက်ကနေ ရုပ်ရှင်တွေမှာ ထည့်သွင်းရိုက်ကူးပြနေကြပေမယ့် တကယ်တမ်းမှာတော့ စပ်စုတတ်သူတွေဟာ ကောင်းတဲ့ဘက်ကနေလည်း မျှဝေတတ်ကြပါတယ်။ အသိပညာဖြန့်ဝေချင်တဲ့စိတ် ရှိသူတွေဖြစ်ပါတယ်။

၅။ ခိုင်မာတဲ့ဆက်ဆံရေးတွေဖြစ်စေဖို့ အားဖြည့်ပေးတယ် – reciprocal self-disclosure လို့ ခေါင်းစဉ်ပေးထားတဲ့ သိပ္ပံနည်းကျလေ့လာမှုတွေအရ စပ်စပ်စုစုစိတ်ရှိကြတဲ့ စပ်စုစိန်လေးတွေကို ချစ်ဖို့ကောင်းတယ်၊ ပိုချစ်တတ်တယ်လို့ လူတွေက အမြင်ရှိကြပါတယ်တဲ့။ သူတို့ရဲ့ အဲ့လိုအပြုအမူလေးတွေကြောင့် ချစ်သူခင်သူတွေအကြား ဆက်ဆံရေးပိုခိုင်မြဲစေတယ်လို့လည်း အဆိုပါ စစ်တမ်းကဆိုပါတယ်။

၆။ ကျန်းမာစေတယ် – စပ်စုတာ ကျန်းမာစေလို့လားလို့ မေးကောင်းမေးနိုင်ပါတယ်။ ဒါပေမယ့် တကယ်ဟုတ်ပါတယ်။ စပ်စုတတ်တဲ့လူနာတွေဟာ ဒေါသစိတ်နည်းပြီး စိတ်ပျက်စိတ်ဓာတ်ကျတာမျိုးနည်းပါးတယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။

၇။ အပျင်းမကြီးဘူး – စပ်စုစိန်တွေလောက် တက်ကြွတဲ့သူမရှိပါဘူး။ သူတို့က အရာရာစူးစမ်းချင်၊ စပ်စုချင်နေတတ်သူတွေပါ။ သူတို့လိုလူမျိုးတွေဟာ အပျင်းမကြီးတတ်သလို သူများကိုလည်း မပျင်းရိစေတဲ့သူမျိုးတွေပါ။

၈ အလုပ်ကြိုးစားတယ် – စပ်စပ်စုစုသမားတွေဟာ တခါတခါလူအမြင်ကပ်စရာဖြစ်စေမယ့် လုပ်ငန်းခွင်ထဲမှာဆိုရင်တော့ အလုပ်ကြိုးစားသူတွေပါတဲ့။ အသိပညာ၊ ဉာဏ်ရည်ဉာဏ်သွေးလည်း မြင့်မားတတ်ကြပြီး အာရုံစူးစိုက်နိုင်စွမ်းလည်း မြင့်ကြပါတယ်။

၉။ ပွင့်လင်းပြီး စိတ်ဝင်စားဖို့ကောင်းတယ် – သူတို့တွေဟာ ကိုယ်တိုင် စပ်စုတတ်ရုံသာမက သူတို့ကိုယ်တိုင်ကလည်း စိတ်ဝင်စားစရာလူတွေဖြစ်နေကြပါတယ်။ သူတို့ရဲ့အတွေးအခေါ်တွေ၊ အပြုအမူတွေဟာ တခြားသူတွေအတွက် စိတ်ဝင်စားစရာ အခြေအနေတွေဖြစ်နေတတ်ပါတယ်။ နောက်ပြီး သူတို့က ပွင့်ပွင့်လင်းလင်းတွေးခေါ် ပြောဆိုတတ်သူတွေလည်းဖြစ်ပါတယ်။

၁၀။ ပေါင်းလို့သင်းလို့ ကောင်းတယ် –  စပ်စုစိန်တွေက ပွင့်လင်းတယ်၊ ဒီတော့ ပြောရဆိုရ ပေါင်းရသင်းရကောင်းတယ်။ သူတို့ရဲ့ စပ်စုတတ်တဲ့ အမူအကျင့်လေးကို သဘောမကျကြရင်တောင်မှ ပွင့်လင်းရိုးသားမှုကြောင့် အပေါင်းအသင်းကောင်းတွေအဖြစ် သတ်မှတ်ခံရတတ်တယ်။

ကဲ စပ်စုတာမကောင်းဘူးလို့ ပြောလို့ရသေးလား။ စူးစမ်းချင်စိတ်၊ စပ်စုချင်စိတ်လေးကို ဖျောက်မပစ်ပါနဲ့။ တစ်ဖက်သားနစ်နာအောင် မပြုမူဖို့ပဲ လိုအပ်တယ်ဆိုတာ နားလည်ထားရင်ရပါပြီ။ 

Leave a Reply