စမစ်-ရိုးနဲ့ ဝေးလော့ခ်အကြားက ကွာခြားချက်ကို ထောက်ပြသွားတဲ့ ဖာဒီနန်

အင်္ဂလန် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်က အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ် အားသန် လူငယ်ကွင်းလယ်လူ ၂ ယောက်အပေါ် မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အီမီလီ စမစ်-ရိုးကို ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သလို ကျောနံပါတ် ၁၀ ကိုပါ ဝတ်ဆင်ခွင့်ပေးခဲ့ပေမယ့် ဂျိုး ဝေးလော့ခ်ကိုတော့ နယူးကာဆယ်အသင်းထံ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ၂ ဦးလုံးဟာ ဟေးလ်အန့်အကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန်ကတော့ အာဆင်နယ်အသင်း ခုလိုမျိုး မတူညီတဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့တာဟာ ကစားသမားတွေဟာ မတူညီတဲ့လမ်းကြောင်းနဲ့ အလားအလာတွေရှိနေတာကြောင့်လို့ သုံးသပ်ခဲ့ပါတယ်။

“အာဆင်နယ်က လွန်ခဲ့တဲ့ ၆ လ တုန်းက ဂိုးတွေ တစ်ဒိုင်းဒိုင်းသွင်းပြခဲ့တဲ့ ဝေးလော့ခ်ကို ရောင်းတော့မှာဖြစ်ပေမယ့် သူ့လောက်ဂိုးမသွင်းနိုင်ခဲ့တဲ့ စမစ်-ရိုးကိုတော့ အသင်းမှာ ဆက်ထားမှာပါ။ ဝေးလော့ခ် သွင်းခဲ့တဲ့အရေအတွက်က စမစ်-ရိုးရဲ့ ကစားသမားဘဝတစ်လျှောက်လုံး သွင်းခဲ့တာတွေထက်ပိုများပါတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်ချို့တွေက မေးခွန်းထုတ်ကောင်းထုတ်နိုင်ပါတယ်” လို့ ဖာဒီနန်က ဆိုခဲ့ပါတယ်။

“တကယ်တမ်းပြောရရင် ဒီကိစ္စက နှိုင်းယှဉ်ပြောဆိုဖို့ မလိုအပ်တဲ့ အရာပါ။ ခင်ဗျားတို့သိထားဖို့က စမစ်-ရိုးက တကယ့်ကစားသမားပါ။ တစ်ခါတလေ ခြေစွမ်းထပြတာမဟုတ်ပါဘူး။ သူက ခြေစွမ်း တဖြည်းဖြည်းခြင်း တည်ငြိမ်တိုးတက်နေပြီး ထိပ်သီးအသင်းတစ်သင်းရဲ့ ကစားကွက်ကို ဦးဆောင်နေသူပါ” လို့လည်း မန်ယူဂန္တဝင်ဟောင်းက ပြောဆိုသွားပါတယ်။

အသက် ၂၀ အရွယ် ကွင်းလယ်လူ အီမီလီ စမစ်-ရိုးဟာ ယမန်နှစ်ရာသီ ဒုတိယရာသီဝက် အာဆင်နယ်အသင်း ခြေစွမ်းပြန်လည်တည်ငြိမ်လာမှုရဲ့ အဓိက ဇာတ်ဆောင်ဖြစ်ပြီး သူ့နဲ့ ဆာကာတို့ရဲ့ ရုံးကန်ကစားပေးမှုတွေကြောင့် ဂန်းနားတွေ ရာသီကုန်ချိန်မှာ အဆင့် ၈ အထိ ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။

Source: HITC

Leave a Reply