
အာဆင်နယ်ကွင်းလယ်လူ အီမီလီ စမစ်-ရိုးရဲ့ အမြန်နှုန်းနဲ့ ဘောလုံးထိမ်းချုပ်ပုံဟာ အလွန်ကောင်းမွန်ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်ကိုယ်တော်ဆွဲပြေးမှု အကောင်းဆုံး ဘောလုံးဆွဲပြေးသူတောင် ဖြစ်နေနိုင်တယ်လို့ Sky Sports ရဲ့ သုံးသပ်သူ ဂျေမီ ကာရေဂါက ပြောဆိုလိုက်ပါတယ်။
စမစ်-ရိုးဟာ ဒီကနေ့မနက်မှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ တစ်ကိုယ်တော်ဆွဲပြေးမှု နဲ့ ထိုးဖောက်ပြီး သွင်းဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ စမစ်-ရိုးဟာ ခုလိုပုံစံမျိုးနဲ့ ထိုးဖောက်မှုတွေ မကြာခနပြုလုပ်လေ့ရှိသူဖြစ်ပြီး ခုပုံစံအတိုင်း သွင်းဂိုးတွေလည်း သွင်းယူခဲ့ဖူးပါတယ်။

လီဗာပူးလ်ဂန္တဝင်ဟောင်းလည်းဖြစ်တဲ့ ဂျေမီ ကာရေဂါကတော့ တောင်ပံမှာရော၊ ကွင်းလယ်တိုက်စစ်နေရာမှာပါ အံဝင်အောင်ကစားနိုင်နေတဲ့ စမစ်-ရိုးဟာ တစ်ကိုယ်တော်ဆွဲပြေးမှုမှာ အကောင်းဆုံးစွမ်းဆောင်နိုင်သူတွေထဲက တစ်ဦးဖြစ်နိုင်တယ်လို့ သုံးသပ်လာတာပါ။
“သူက တခြားကစားသမားကောင်းတွေလိုပဲ တစ်ကိုယ်တော်ဆွဲပြေးတဲ့နေရာမှာ ထူးချွန်ပါတယ်။ ခြေနှစ်ဖက်လုံးကို အသုံးချပြီး ဆွဲပြေးနိုင်သလို သူ့ကိုကြည့်လိုက်တိုင်း အပြည့်အဝထိမ်းချုပ်နိုင်နေတာကို မြင်ရမှာပါ။ ခြေထောက်ထဲက ဘောလုံးနဲ့ သူ့ရဲ့အရှိန်နှုန်းက အမြဲအံကိုက်ပါပဲ။ ထိမ်းချုပ်မှုကင်းမဲ့သွားတာမျိုး မမြင်ဖူးပါဘူး။ ပြောရရင် သူက ဒီလိုလုပ်နိုင်သူတွေထဲက အကောင်းဆုံးစာရင်းဝင် တစ်ယောက်တောင်ဖြစ်နိုင်ပါတယ်” လို့ ကာရေဂါက ဆိုသွားတာပါ။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ အီမီလီ စမစ်-ရိုးဟာ အဆိုပါ အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်ခဲ့ရုံသာမက ထိချက် ၆၆ ကြိမ်၊ ပင်နယ်တီဧရိယာအတွင်း ထိချက် ၄ ကြိမ် (အများဆုံး) ၊ တတိယဇုံအတွင်း ဘောလုံးပေးပို့မှု ၁၇ ကြိမ် (အများဆုံး) ၊ အခွင့်အရေးဖန်တီးမှု ၄ ကြိမ်၊ ဘောလုံးဆယ်ယူမှု ၄ ကြိမ်၊ ဘောလုံး လုယူမှု ၄ ကြိမ်၊ ဖြတ်တင်ဘော ၃ ကြိမ်၊ ဟန့်တားမှု ၂ ကြိမ်၊ ကန်သွင်းချက် ၂ ကြိမ်နဲ့ MOTM ဆုကို ထိုက်ထိုက်တန်တန်ရခဲ့တဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
စမစ်-ရိုး ဟာ ယခုနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ၁၀ ပွဲပါဝင်ကစားပေးထားပြီး ၃ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးထားတာမို့ သွင်းဂိုးပါဝင်ပတ်သက်မှုနှုန်းမှာ တစ်ပွဲပျမ်းမျှ ဝ.၅ ဂိုးနှုန်းနဲ့ အာဆင်နယ်အသင်းရဲ့ ဒုတိယ စွမ်းဆောင်ရည်အမြင့်ဆုံးကစားသမားလည်း ဖြစ်နေပါတယ်။
Source: Sky Sports