စမစ်-ရိုး ဗီလာဘက်ကို စိတ်ယိုင်နေပြီလား

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အီမီလီ စမစ်-ရိုးဟာ အက်စတွန်ဗီလာအသင်းရဲ့ တက်ကြွတဲ့ ချဉ်းကပ်မှုတွေကြောင့် အထင်ကြီးလေးစားမှုဖြစ်မိကြောင့် ဝန်ခံခဲ့တယ်လို့ အက်စတွန်ဗီလာ အခြေစိုက်ရာ ဘာမင်ဂမ်မြို့က Birmingham Mail သတင်းဌာနက ဖော်ပြလာပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလိပ်ကွင်းလယ်ဖန်တီးရှင်ဟာ ယမန်နှစ်ရာသီဝက်မှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၃၃ ပွဲကစား၊ ၄ ဂိုးသွင်း၊ ၇ ဂိုးဖန်တီးပေးခဲ့ကာ ဘူကာယို ဆာကာနဲ့အတူ ပရိတ်သတ်အချစ်တော်ဖြစ်လာခဲ့သူပါ။

လက်ရှိရာသီမှာတော့ ငွေကြေးအမြောက်အများသုံးစွဲဖို့ စီစဉ်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ စမစ်-ရိုးကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားမှုပြသလာနေပြီး ကမ်းလှမ်းမှု အကြိမ်ကြိမ်ပြုလုပ်လာနေပါတယ်။ ဗီလာအသင်းဟာ တစ်လအတွင်းမှာပဲ ကမ်းလှမ်းမှု ၃ ကြိမ် (တစ်ချို့သတင်းတွေအရ ၂ ကြိမ်) ပြုလုပ်ခဲ့ပြီး နောက်ဆုံးကမ်းလှမ်းချက်ဟာ တန်ကြေးအားဖြင့် ပေါင် ၃၂.၅ သန်းအထိ တန်ကြေးရှိခဲ့တာပါ။

ခုလိုမျိုး တက်ကြွစွာ ကြိုးပမ်းနေမှုအပေါ် စမစ်-ရိုးက အသိအမှတ်ပြုခဲ့ပြီး သူ့ကို အမှန်တကယ် စိတ်ဝင်စားမှုပြသနေတာလို့လည်း ယုံကြည်မှုရှိလာနေကြောင်း The Mirror ကလည်း ဖော်ပြလာပါတယ်။ Birmingham Mail ရဲ့ ဖော်ပြချက်မှာလည်း လက်တလောမှာ အပန်းဖြေခရီးထွက်နေတဲ့ စမစ်-ရိုးဟာ ဗီလာရဲ့ ကမ်းလှမ်းချက်ကို အထင်ကြီးမိကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းကတော့ အကယ်ဒမီထွက် ကြယ်ပွင့် စမစ်-ရိုးကို ရောင်းချဖို့ ငြင်းဆန်နေဆဲဖြစ်သလို စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် လစာနှုန်းထားတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုဖို့လည်း ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

ထိပ်တန်းသတင်းထောက်တွေဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ခရစ် ဝှိုက်တလေတို့ကတော့ စမစ်-ရိုးဟာ အပန်းဖြေခရီးမထွက်ခင်မှာ စာချုပ်သစ်မှာလက်မှတ်ရေးထိုးမယ်လို့ ကတိကဝတ်ပြုခဲ့ကြောင်း အခိုင်အမာဆိုခဲ့ကြပြီး ဒေးဗစ် အွန်းစတိန်းကလည်း စမစ်-ရိုး အာဆင်နယ်မှာသာ ဆက်ရှိလိမ့်မယ်လို့ ပြောထားပါတယ်။

Source: Birmingham Mail, The Mirror

Leave a Reply