စားလို့ကောင်းတဲ့ ကညွတ် လေးရဲ့ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုး

ခုခေတ် စားသောက်ဆိုင်တွေမှာဆိုရင် ကညွတ် ကင်ဆိုတဲ့ စားစရာအမယ်တစ်မျိုးကို အလွယ်တကူ ဝယ်စားလို့ရနေပါပြီ။ လူကြိုက်လည်း များလှပါတယ်။ စားသာစားနေတယ် ကိုယ်စားနေတဲ့ အစားအစာမှာ ဘယ်လို အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေ ပါနေတယ်၊ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ်ဆိုတာကိုတော့ လူအများစု မသိကြတာများပါတယ်။

အာဟာရဗေဒ ကျန်းမာရေး ပညာရှင်တွေကတော့ ကညွတ်ဟာ အာဟာရဓါတ်တွေပြည့်ဝနေတဲ့ အရာဖြစ်လို့ နေ့စဉ်စားသောက်တဲ့အထဲ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလို့ ဆိုကြပါတယ်။ ဒါ့အပြင် အဆီပါဝင်မှုကလည်း မရှိသလောက်ရှိနည်းတဲ့အတွက် ကယ်လိုရီပါဝင်မှုလည်း အရမ်းနည်းပါတယ်တဲ့။

ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေက များလွန်းတဲ့ ကညွတ်ကို စားဖူးတယ်ဆိုရင် ခုပြောပြပေးမယ့် အချက်လေးတွေကိုလည်း သိထားမှဖြစ်ပါလိမ့်မယ်။

အရိုးသန်မာစေတယ် – ဗီတာမင်ကေ ရဲ့အဓိကလုပ်ဆောင်ချက်က အရိုးသိပ်သည်းမှု ပိုကောင်းစေတာပဲ ဖြစ်ပါတယ်။ ကညွတ်တစ်ပန်းကန်စာမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင် K ပမာဏရဲ့ ၇၀ ရာခိုင်နှုန်းပါဝင်ပါတယ်။

နာတာရှည်ရောဂါတွေ သက်သာစေတယ် – ကညွတ်က ဆီးချိုရောဂါ၊ ကင်ဆာရောဂါနဲ့ နှလုံးရောဂါတို့ကို ကာကွယ်နိုင်၊ ကုသနိုင်ပြီး ၎င်းမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း Glutathione က အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိမ်းညှိပေးပါသေးတယ်။

စားလို့ကောင်းတဲ့ ကညွတ် လေးရဲ့ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုး

ဆီးရွှင်စေတယ် – သဘာဝဆီးရွှင်ဆေးဖြစ်နေတဲ့ ကညွှတ်က သွေးတိုးရောဂါ ဒါမှမဟုတ် ခန္ဓါကိုယ်တစ်ရှူးတွေထဲမှာ ရေတွေစုနေတတ်တဲ့ Edema ရောဂါ ခံစားနေရတဲ့သူတွေအတွက် အကျိုးပြုပေးနိုင်တဲ့ ဓါတ်စာဖြစ်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း သက်သာစေနိုင်တဲ့  အာနိသင်လည်း ရှိတယ်ပါတယ်။

အစာချေဖျက်ရ လွယ်ကူစေတယ် – ကညွတ်မှာ အစာချေစနစ်အတွက် အရေးပါတဲ့ အမျှင်ဓါတ်တွေ အများအပြားပါရှိပါတယ်။ အူလမ်းကြောင်းကိုကောင်းမွန်စေလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာစေတယ် – မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အထောက်အကူဖြစ်စေဖို့ ကညွတ်ကိုစားပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ဓါတ်ဖြစ်တဲ့ Folate ပါဝင်မှုမြင့်မားတာကြောင့်လည်း မိခင်လောင်းတွေ စားသုံးသင့်ပါတယ်။ ဖောလစ်အက်စစ်ဓါတ်ကြောင့် ကိုယ်ဝန်ပျက်ကျမှုနဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်နိုင်ခြေလျော့နည်းစေပြီး ပေါင်မပြည့်ခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်းတို့လည်း မဖြစ်စေနိုင်ပါဘူး။

ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးတယ် – ကညွတ်မှာပါတဲ့ Glutathione က ခန္ဓါကိုယ်ထဲက ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးပြီး ဓါတ်တိုး ဆန့်ကျင်ပစ္စည်းတွေကိုပြန်လည်ဖြစ်ပေါ်စေပါတယ်။

စားလို့ကောင်းတဲ့ ကညွတ် လေးရဲ့ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုး

ကိုယ်အလေးချိန် ကျစေတယ် – ကယ်လိုရီနည်းတဲ့ ကညွတ်ကိုစားသုံးခြင်းဖြင့် အစာစားချင်စိတ်များနေတာကို တားဆီးနိုင်ပြီး ဗီတာမင် B Complex ပါဝင်တာကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။

အသားအရေလှစေတယ် – Niacin လို့ခေါ်တဲ့ ဒြပ်ပေါင်းက ဝက်ခြံပျောက်ကင်းစေပြီး အရေပြားရောင်ရမ်းမှုကို လျော့ပါးစေပါတယ်။ အရေပြားနေလောင်မှုကို ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။

ရာသီသွေးမှန်စေခြင်း – အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေ၊ သွေးဆင်းများတာတွေကို သက်သာစေပါတယ်။

မျိုးအောင်စေခြင်း – ဗီတာမင် E က အမျိုးသမီးနဲ့ အမျိုးသား အားလုံးမှာ လိင်ဟော်မုန်းနဲ့ ဆဲလ်တွေရဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သုက်ပိုးတွေကိုကျန်းမာစေပြီး သားအိမ်အမြှေးတွေကို ထူထဲစေပါတယ်။

အဆစ်အမြစ်နာ – အဆစ်အမြစ်နာရောဂါ၊ အထူးသဖြင့်လေးဖက်နာရောဂါကို ကညွတ်က ကာကွယ်ပေးပါတယ်။ Niacin က အရိုးအဆစ်ရောင်ရမ်းမှုကို လျော့ကျစေပြီး ကော့ပါးက တွယ်ဆက်တစ်ရှူးတွေကို ပြန်လည်ကောင်းမွန်စေတာကြောင့် နာကျင်မှုတွေ၊ တောင့်တင်းမှုတွေကို သက်သာစေနိုင်ပါတယ်။

စားလို့ကောင်းတဲ့ ကညွတ် လေးရဲ့ ကောင်းကျိုးဆိုးကျိုး အမျိုးမျိုး

သတိပြုရန် အချက်များ

ကညွတ်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် ကညွတ်ကို စားတာများလွန်းရင်လည်း ဘေးဖြစ်နိုင်တယ်ဆိုတာကို ကြိုကြိုတင်တင် သိထားဖို့ လိုအပ်ပါလိမ့်မယ်။ တချို့လူတွေမှာဆို ဓါတ်မတည့်မှုကြောင့် နည်းနည်းလောက်စားရုံနဲ့တင် ဒုက္ခရောက်နိုင်တာမျိုးပါ။

ဓါတ်မတည့်မှုလက္ခဏာ ပျော့ရင်တော့ အရေပြားနဲ့ မျက်စိမှာ ယားယံနီရဲစေရုံလောက်၊ ဗိုက်အောင့်ဗိုက်နာလောက်သာ ဖြစ်တတ်ပါတယ်။ ပြင်းထန်လာရင်တော့ နှာပိတ်ခြင်း၊ ဖောရောင်ခြင်း၊ ချွဲကြပ်ခြင်း၊ ပန်းနာ၊ ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

တချို့မှာဆိုရင်တော့ ဆီးအနံ့ပြင်းလွန်းတာတွေရှိတတ်ပါတယ်။ ကညွတ်က ဆီးရွှင်စေပြီးခန္ဓါကိုယ်ထဲမှာ လီသီယမ်ဓါတ်တွေ များစေနိုင်တာကြောင့် အများကြီးစားရင် လီသီယမ်များခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်ပါသေးတယ်။ စားသုံးမှုလွန်ကဲရင် သန္ဓေသားရဲ့ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး မိခင်နို့ကိုပါ အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ သင့်တော်ရုံသာ စားသင့်ပြီး အများကြီးမစားသင့်ပါဘူး။

နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့  Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply