တခုခုကို စိုးရိမ်ထိတ်လန့်နေတာ၊ စိတ်တုန်လှုပ်ခြောက်ခြားနေတာ၊ စိတ်မလုံခြုံဖြစ်နေတာ၊ ကြောက်ရွံ့နေတာမျိုးကို ခံစားဖူးကြမယ်ထင်ပါတယ်။ လူတိုင်းနီးပါး အနည်းအများတော့ ကြုံရတတ်ပါတယ်။
ဆရာမက စာမေးချိန် မရတာကနေစလို့ မကောင်းတာတစ်ခုခုလုပ်ထားမိလို့၊ အမှားအယွင်းတစ်ခုခုကျူးလွန်မိထားလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းတရားတွေကြောင့်စိတ်မလုံခြုံမှုကို ခံစားရနိုင်ပါတယ်။
ကိုယ့်ကိုဘေးကနေ မပြတ်အားပေးနေမယ့်သူမျိုးရှိနေရင်တော့ အကြောင်းမဟုတ်ပေမယ့် အတကယ့်အရင်းခံအကြောင်းတရားကို ပျောက်သွားစေချင်ရင်တော့ ကိုယ်တိုင်လုပ်ဖို့လိုအပ်မှာပါ။
မလုံခြုံတဲ့စိတ်ခံစားချက်ဟာ တခါတရံမှာ သာမန်အတွေးစိတ်လေးတစ်ခုလို့ ထင်ချင်စရာပါ။ ဒါပေမယ့် ဖွဲမီးလိုတငွေ့ငွေ့နဲ့သင့်ရဲ့ စိတ်အလျှင်ကို ထိပါးလာပါလိမ့်မယ်။ ဒါကြောင့် ဒီစိတ်ကိုတွန်းလှန်နိုင်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့် အကောင်းဆုံး အကြံပေးချက် ၇ ချက်ကို ပြောပြပေးပါရစေ။
၁။ မိမိရဲ့ အကောင်းဘက်ခြမ်းကို လက်ခံယုံကြည်ပါ – ကိုယ့်ကိုယ်ကို ယုံကြည်ပါဆိုတဲ့သဘောပါပဲ။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့ စိတ်နေသဘောထား၊ အပြုအမူနဲ့ အစိတ်အပိုင်းတွေ၊ အားသာချက်တွေကို ယုံကြည်၊ တွေးတောပြီး မလုံခြုံမှုဖြစ်စေတဲ့ စိတ်ကိုတိုက်ထုတ်ရမှာပေါ့။
၂။ ကိုယ့်ကိုယ်ကို လေးစားပါ – ကိုယ့်ကိုယ်ကိုမှ မလေးစားရင် ဘယ်သူမှ လေးစားမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အမြဲလေးစားနေဖို့ လိုအပ်ပါတယ်။
၃။ စိတ်မလုံခြုံစေမယ့် လူတွေကို ရှောင်ခွာပါ – ကိုယ့်ကို အနိုင်ကျင့်နေတဲ့သူ၊ မလိုမုန်းတီးဖြစ်နေပြီး အမြဲ စိတ်အနှောင့်အယှက်ပေးနေသူတွေနဲ့ တတ်နိုင်သမျှ ခပ်ခွာခွာနေရင် ပိုပြီး စိတ်အနှောင့်အယှက်ကင်းတာပေါ့။ သူတို့နဲ့ မကြာခဏရင်ဆိုင်တွေ့နေတာကိုက စိတ်မလုံခြုံမှုကို ပိုဖြစ်စေနိုင်ပါတယ်။
၄။ ကိုယ့်ကို အားပေးမယ့်လူတွေကို စုစည်းထားပါ – ကိုယ့်ဘေးနားမှာ ကိုယ့်ကို ပျော်စေမယ့်လူတွေချည်းရှိနေတယ်ဆိုရင် ပိုပြီးစိတ်ချမ်းသာမယ်မဟုတ်လား။ ကိုယ့်ကို ပျော်စေမယ့်လူတွေနဲ့ ပိုပေါင်းသင်း၊ ကိုယ့်ကို ကူညီချင် ဖေးမချင် အားပေးချင်တဲ့လူတွေနဲ့ များများပေါင်း။ တစ်နေ့ကို ၁၀ မိနစ်လောက်ဖြစ်ဖြစ် ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေအကြောင်း သူတို့ကိုပြောပြီး ဆွေးနွေးကြည့်။ ဒါဆို စိတ်ချမ်းသာမှုရနိုင်မယ်။
၅။ စိတ်မလုံခြုံမှုဆိုတာ အချိန်မရွေးဖြစ်လာနိုင်တာကို သိနားလည်ထားပါ – ကိုယ့်ကို စိတ်မလုံခြုံစေတဲ့ ကိစ္စတွေဆိုတာ အချိန်မရွေး နေရာဒေသမရွေးဖြစ်လာနိုင်ပါတယ်။ “ငါ့မှဘာလို့ဒီလိုဖြစ်ရတာလဲ” ဆိုပြီး စိတ်ဓာတ်ကျသွားရင် ပိုပြီးဆိုးရွားတာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တာတွေကို လက်ခံနိုင်စွမ်းရှိနေရင် အခြေအနေကို ရင်ဆိုင်ရတာပိုပြီး အဆင်ပြေစေပါလိမ့်မယ်။
၆။ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိနားလည်ပါစေ – ကိုယ်က ဘယ်မှာအားသန်တယ်၊ ဘယ်နေရာမှာတော်တယ်၊ ဘာတွေလုပ်နိုင်စွမ်းတယ်ဆိုတာကို သေချာလေ့လာပြီး ကိုယ့်ရဲ့တန်ဖိုးကို သေချာသိနားလည်အောင်လုပ်ထားနိုင်ရင် စိတ်မလုံခြုံမှု ၅၀% လောက်ကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေကဆိုပါတယ်။
၇။ သင့်ရဲ့ လွတ်လပ်မှုကို အထိအခိုက်မခံပါနဲ့ – ကိုယ်နဲ့ မတည့်တဲ့သူနဲ့ တွေ့မှာစိုးလို့ သွားနေကြလမ်းအတိုင်းမသွားပဲ တခြားလမ်းက ပတ်သွားတာမျိုးက ကိုယ့်ရဲ့လွတ်လပ်မှုကို ထိပါးခံရတာပါပဲ။ ကိုယ့်ရဲ့ လွတ်လပ်မှုကို ကိုယ်တိုင်ဖယ်ရှားလိုက်တဲ့အပြုအမူကြောင့် စိတ်မလုံခြုံမှုလည်းပျောက်မသွားသလို စိတ်အားငယ်မှုပါ ပိုတိုးလာတတ်ပါတယ်။ နေ့စဉ်လုပ်မြဲအတိုင်း လုပ်ငန်းဆောင်တာတွေကို ဆက်ပြီးလုပ်နေရင် သင့်စိတ်က ပုံမှန်လည်ပတ်နေပြီး စိတ်မလုံခြုံမှုကိုတောင် မေ့သွားပါလိမ့်မယ်။
/