ဆာကာကို ပင်နယ်တီ ကန်ခိုင်းခဲ့တဲ့ ဆောက်သ်ဂိတ်ကို ဗြိတိန်ဂန္တဝင်တွေ ဝိုင်းဝန်းဝေဖန်

အင်္ဂလန်က အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က အဆုံးအဖြတ်ပင်နယ်တီကန်ချက်ကို အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမား ဘူကာယို ဆာကာကို ကန်သွင်းခိုင်းခဲ့တဲ့ အင်္ဂလက်ရွေးစင်အသင်းနည်းပြ ဂါရက်သ် ဆောက်သ်ဂိတ်ကို ဗြိတိန်ဘောလုံးဂန္တဝင်တွေက ဝိုင်းဝန်းဝေဖန်နေကြပါတယ်။

မန်ယူဂန္တဝင်ဟောင်း ရွိုင်းကိန်းက ဆောက်သ်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ဟာဆိုးရွားလွန်းပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ “တကယ်ဆို အတွေ့အကြုံပိုရှိတဲ့ စတာလင်နဲ့ ဂရီးလစ်ရှ်တို့ကို သူရွေးသင့်ပါတယ်။ ခင်ဗျား ကလေးတစ်ယောက် ဒီလိုစိတ်ဓာတ်ကျပြီး လမ်းလျှောက်ထွက်လာအောင် မလုပ်သင့်ပါဘူး။ လုံးဝကို မလုပ်သင့်တာပါ” လို့ ကိန်းက ITV မှာ သုံးသပ်ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ဂန္တဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ်ကလည်း ဆောက်သ်ဂိတ်ရဲ့လုပ်ရပ်ဟာ နှလုံးမချမ်းသာစရာ လုပ်ရပ်လို့ဆိုလိုက်ပြီး ဆာကာအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။

“ဒီကလေးအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ သူလုပ်ပြခဲ့သမျှ အကောင်းဆုံးတွေကို လူတွေကမေ့ပြီး ပင်နယ်တီမဝင်ခဲ့တာကိုပဲ အပြစ်တင်ကြတော့မှာပါ။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက လူတိုင်းက သူ့ကို ချစ်ခင်ကြပါတယ်။ နောက်လည်း ချစ်ခင်နေကြဦးမှာပါပဲ။ သူက တကယ်ထက်မြက်တဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သူက (ဗိုလ်လုပွဲမှာ ပင်နယ်တီကန်ဖို့အတွက်တော့) အရမ်းငယ်ရွယ်လွန်းပါသေးတယ်။ ခေါင်းကို မတ်မတ်ထား၊ စိတ်ဓာတ်မကျနဲ့ နောက်လအနည်းငယ်အကြာမှာ ဒီထက်ပိုကောင်းတာတွေ လုပ်ပြလိုက်ပါ” လို့ နဗီးလ်ကလည်း ဆိုသွားပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရက်သ် ဆောက်သ်ဂိတ်ကတော့ ဆာကာရဲ့ ပင်နယ်တီလွဲချော်မှုအတွက် သူ့ကိုသာ အပြစ်တင်ဖို့ ပြောဆိုသွားပြီး ဒီကလေးကို ကန်သွင်းခိုင်းဖို့ ဆုံးဖြတ်ချက်ကို သူချမှတ်ခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံပြောဆိုခဲ့ပါတယ်။

“ဒါတွေအားလုံးက ကျွန်တော် ပြုလုပ်ခဲ့တာတွေပါ။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ပင်နယ်တီကန်သွင်းရမယ့်သူတွေကို ကျွန်တော် ဆုံးဖြတ်ရွေးချယ်ခဲ့တာပါ။ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ရွေးချယ်ထားတာပါ။ ဘယ်သူမှ ကိုယ့်ဆန္ဒနဲ့ကိုယ် ဝင်ပါခဲ့ကြတာမဟုတ်ပါဘူး။ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ နိုင်လဲအတူတူ ရှုံးလဲအတူတူပါပဲ။ ပင်နယ်တီနဲ့ပတ်သက်ပြီး အပြစ်တင်ချင်တယ်ဆိုရင် ကျွန်တော့်ကိုသာ အပြစ်တင်နိုင်ပါတယ်” လို့ ဆောက်သ်ဂိတ်က ဆိုသွားပါတယ်။

Source: The Athletic, Goal, Sky

Leave a Reply