
တိုက်စစ်မှူးဟောင်း အီယန် ရိုက်က အင်္ဂလန်လက်ရွေးစင်အသင်းမှာ ခြေစွမ်းကောင်းတွေ တက်တိုက်ပြသနေတဲ့ လူငယ်တောင်ပံလူ ဘူကာယို ဆာကာဟာ ခုမှ ထထောက်တဲ့ ကောက်ရိုးမီးမဟုတ်ပဲ ငယ်စဉ်ကတည်းက အဆက်မပြတ်တိုးတက်လာခဲ့တဲ့ ကစားသမားဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
၁၉ နှစ်သား တောင်ပံကြယ်ပွင့်လေးဟာ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနေပြီး မကြာသေးခင်ကမှ မန်ယူအသင်းထံ ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့ထားတဲ့ ဂျေဒန် ဆန်ချိုကို ကျော်လွန်ကာ ပထမပွဲထွက်ကစားသမားနေရာကို သိမ်းပိုက်ထားသူပါ။ ဒါပေမယ့် ဆာကာရဲ့ အသက်အရွယ်ကြောင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတစ်ခုမှာ ပြသနေတဲ့ လက်ရှိခြေစွမ်းအပေါ် အာဆင်နယ်အသင်းရဲ့ ပြိုင်ဘက်ပရိတ်သတ်တစ်ချို့က သံသယရှိနေဆဲဖြစ်သလို မလိုမုန်းထားမှုတွေနဲ့ ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။

ဒါကြောင့်လည်း အီယန် ရိုက်က “ကျွန်တော်တို့ ခုပြောနေကြတာက အသက် ၇ နှစ်ကတည်းက အာဆင်နယ်အကယ်ဒမီကို ရောက်လာတဲ့ ကလေးတစ်ယောက်အကြောင်းပါ။ သူက အဆင့်တိုင်းကို နည်းမှန်လမ်းမှန်နဲ့ဖြတ်ကျော်ပြီး တက်လှမ်းလာနေတာပါ။ သူက အမြဲတမ်း သူနဲ့ လယ်ဗယ်တန်းတွေထက် ခေါင်းတစ်လုံးပိုမြင့်အောင် စွမ်းဆောင်ပြခဲ့တာပါ။ ရုတ်တရက် ထထောက်တဲ့ ကောက်ရိုးမီးမဟုတ်ပါဘူး” လို့ အီယန် ရိုက်က ITV ကို ပြောဆိုသွားခဲ့တာပါ။
ရိုက်ကတော့ ဆာကာတစ်ယောက် ခုလိုမျိုး ခြေစွမ်းပြသနိုင်တာဟာ သူ့ရဲ့ ပင်ကိုယ် ဉာဏ်အရည်အသွေးနဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ ပေါင်းစပ်မှုကြောင့်လို့ ဆိုသွားပါတယ်။ “သူက အင်္ဂလန်အတွက် အသက် ၁၆ နှစ်အရွယ်ကတည်းက သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ စကစားပေးခဲ့ပါတယ်။ သူက ခုမှ လက်ရွေးစင်ဆီရောက်ပြီး ခုမှ ခြေစွမ်းထပြတာမျိုးမဟုတ်ပါဘူး။ ဒီနေရာ၊ ဒီအခြေအနေကို ရောက်ဖို့ ကြိုးစားအားထုတ်လာခဲ့တာတွေရဲ့ အကျိုးရလဒ်အနေနဲ့ ခုပွဲထွက်ခွင့်တစ်နေရာက ထိုက်ထိုက်တန်တန် ရလာတာပါ။ ဒါကြောင့်လည်း အာဆင်နယ်ပရိတ်သတ်တိုင်းက သူဘာလုပ်နိုင်တယ်၊ သူဘယ်လောက်ထက်မြက်တယ်ဆိုတာကို သိနေကြတာဖြစ်သလို သူ့အပေါ် ယုံယုံကြည်ကြည် မျှော်လင့်ချက်ထားရဲကြတာပါ” လို့ သူကဆိုသွားပါတယ်။

တခြားဂန္တဝင်ဟောင်းဖြစ်တဲ့ မာတင် ကီယွန်ကလည်း ဘူကာယို ဆာကာဟာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းကောင်းပြသနေတဲ့ လူငယ်ကစားသမားတစ်ယောက်အဆင့်မျိုးမဟုတ်ပဲ အသင်းကို ဦးဆောင်တွန်းအားပေးနေတဲ့ အဓိက ကစားသမားအဆင့်ကို ရောက်နေပြီလို့ မှတ်ချက်ပြုထားပါတယ်။
“ဒိန်းမတ်နဲ့ပွဲတုန်းက အင်္ဂလန်အရေးနိမ့်နေချိန်မှာ သူတို့ ပြိုင်ဘက်ကို ပြန်လည်တိုက်ခိုက်ဖို့ သတ္တိတွေရှိလာတာက ဆာကာကြောင့်ပါ။ ဒါက ဆောက်သ်ဂိတ် သူ့ကို ပုံမှန်ပွဲထွက်ခွင့်ပေးနေရတဲ့ အကြောင်းပြချက်ပါပဲ။ သူက ဘယ်အခြေအနေမှာမဆို ပြိုင်ဘက်တွေ ကြားမှာ ရဲရဲဝံ့ဝံ့ပြေးလွှားပြီး အသင်းဖော်တွေကို စိတ်အားတက်ကြွစေသူပါ။ ဂိုးပေးလိုက်ရချိန်မှာ အင်္ဂလန်ကစားသမားတိုင်း ဖိအားဝင်နေပုံ ပေါက်သွားခဲ့ပေမယ့် ဆာကာကတော့ ပုန်းကွယ်မနေပဲ ဆက်တိုက်ခိုက်ပြခဲ့ပါတယ်” လို့ ကီယွန်က သူ့ရဲ့ Daily Mail က ဆောင်းပါးထဲမှာ ထည့်သွင်း ရေးသားသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲပြီးဆုံးချိန်မှာ အင်္ဂလန်ကစားသမားတွေက လူငယ်ကစားသမား ဘူကာယို ဆာကာကို ချီမြှောက်ပြီး အောင်ပွဲခံသွားခဲ့ကြတာပါ။
Source: Daily Mail, ITV, Sun Sports