
ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။
ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ
ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။
pH ပမာဏကို ထိန်းညှိပေးတယ်
ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့ ကာကွယ်ပေးပါတယ်။
နှာခေါင်းပိတ်တာကို သက်သာစေတယ်
ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကို သက်သာစေတယ်
သုတေသနပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်းပေးတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။
အာသီးရောင်တာကို သက်သာစေပါတယ်
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင်နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။
ခံတွင်း အနံ့ဆိုး သက်သာစေနိုင်တယ်
အစားကြောင့် ဖြစ်ဖြစ် အခြား အကြောင်းအရင်းကြောင့်ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ ခံတွင်းသန့်ဆေးရည်တွေ မသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ်ကျင်းပေးလို့ ရပါတယ်။
သွားဖုံးနဲ့ သွားမှာ သွေးထွက်တာကို သက်သာစေနိုင်တယ်
ဆားရည်နွေးနွေးလေးနဲ့ ပလုတ်ကျင်းတာက သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွားကိုက် သွားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ခံတွင်း အနာကို သက်သာစေနိုင်တယ်
ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့လည်း ဆားရည်နဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။ အနာ သက်သာစေပြီး အနာကျက် မြန်စေနိုင်ပါတယ်။
Writer: Aye Thi Mon