
အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ဖြည့်တင်းဖို့ စီစဉ်နေတဲ့အသင်းပါ။ ဂန်းနားတွေဟာ ကွင်းလယ်ဗဟို၊ တိုက်စစ်မှူး၊ တောင်ပံတိုက်စစ်၊ အရံခံစစ်မှူးနဲ့ အရံဂိုးသမားနေရာတွေကို ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။
ဒီလိုပြင်ဆင်ရာမှာ ကွင်းလယ်ဗဟိုနဲ့ တိုက်စစ်နေရာတွေကတော့ မဖြစ်မနေ လူအင်အားဖြည့်တင်းရမယ့်နေရာတွေအဖြစ် အားလုံးက ရှုမြင်ထားတဲ့နေရာတွေပါ။ ဒါပေမယ့် အာဆင်နယ်အသင်းအနေနဲ့ ဘယ်နေရာကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး အင်အားဖြည့်တင်းမလဲဆိုတဲ့ကိစ္စကတော့ ဆုံးဖြတ်ရခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။

အကြောင်းကတော့ လက်ရှိ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ အဓိက ကွင်းလယ်လူ ဂရာနစ် ရှာခါ ကာလရှည်အနားယူနေရသလို သောမတ် ပါတေးနဲ့ မိုဟာမက် အယ်လ်နီနီတို့ကလည်း ဇန်နဝါရီမှာ အာဖရိကဖလားပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ လက်ကျန် ကွင်းလယ်လူတွေဖြစ်ကြတဲ့ နိုင်းလ်စ်နဲ့ လိုကွန်ဂါတို့မှာ အင်္ဂလန်သားက အသင်းကနေ ထွက်ခွာလိုနေပြီး ဘယ်လ်ဂျီယံသားကတော့ အတွေ့အကြုံနုနယ်နေပါသေးတယ်။ ဒါကြောင့် လက်တလောမှာတင် နည်းပြအာတီတာဟာ လူငယ်အသင်းက ချာလီ ပါတီနို၊ တင်မ် အကီနိုလာနဲ့ မီဂွယ် အဇီးဇ်တို့ကို ခေါ်ယူဖို့ ပြင်ဆင်နေရတဲ့ အနေအထားပါ။
တိုက်စစ်ပိုင်းမှကတော့ အူဘာမီယန်း၊ လာကာဇက်၊ နကီတီယာ၊ ဘာလိုဂန်နဲ့ မာတီနယ်လီဆိုပြီး စာရွက်ပေါ်က စုဖွဲ့မှုကတော့ အားရစရာစြဖ်နေပေမယ့် အူဘာမီယန်းက ခြေစွမ်းကျဆင်းနေပြီး လာကာဇက်နဲ့ နကီတီယာတို့က အသင်းကထွက်ခွာဖို့ ပြင်ဆင်နေကြတာမို့ ထိပ်တန်းအဆင့် ဒေါင်ဒေါင်မြည်တိုက်စစ်ကစားသမား အနည်းဆုံးတစ်ဦးဖြည့်တင်းနိုင်ဖို့ မဖြစ်မနေလိုအပ်နေပြန်ပါတယ်။ မီဒီယာတွေကတော့ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီမှာ ကစားသမား ၃ ဦးဝန်းကျင်သာ ဖြည့်တင်းဖွယ်ရှိပြီး တန်ကြေးမြင့်မားတဲ့ကစားသမားဖြည့်တင်းမှုကိုတော့ ၁ ဦးသာ ပြုလုပ်ဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Football London ကတော့ အာဆင်နယ်အသင်းအနေနဲ့ မဖြစ်မနေ ထိပ်တန်းခေါ်ယူမှု ၁ ခုသာပြုလုပ်ဖြစ်မယ်ဆိုရင် ကွင်းလယ်ပိုင်းကို ဖြည့်ဆည်းသင့်တယ်လို့ တိုက်တွန်းသွားခဲ့ပြီး တိုက်စစ်ပိုင်းကို လက်ရှိလူစာရင်းနဲ့ ရာသီကုန်ချိန်အထိ မှေးပြီး ဆက်ကစားသွားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ လက်ရှိ ပစ်မှတ်စာရင်းမှာတော့ ထိပ်တန်းတိုက်စစ်မှူးတွေသာ များစုပါဝင်နေပြီး ကွင်းလယ်ပိုင်းအတွက် ပစ်မှတ်ထားနေတဲ့ကစားသမားအနည်းငယ်သာပါရှိနေပါတယ်။ ဇန်နဝါရီမှာ အာဆင်နယ်အသင်း ဘယ်လိုလူအင်အားဖြည်တင်းသွားမလဲ၊ ဘယ်လိုအကြံအစည်တွေရှိနေသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ အခြေအနေဖြစ်နေပြီလို့ ဆိုရတော့မှာပါ။
Source: Football London