ဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေ ခပ်မြန်မြန်ခေါ်ဖို့ လိုနေပြီလို့ အာတီတာပြော

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လုပ်ဆောင်စရာတွေ အမြောက်အများကျန်နေသေးကြောင်း ဘရန့်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုလိုက်ပါတယ်။

အဓိက ကစားသမားတွေကို ကျန်းမာရေးပြဿနာတွေကြောင့် လက်လွှတ်ထားရတဲ့ ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ တန်းတက် ဘရန့်ဖို့ဒ်အသင်းထံကို ၂-၀ ရလဒ်နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တာမို့ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုနဲ့ ပိုလျှံကစားသမားတွေကို ရောင်းချဖို့အတွက် လက်ကျန် အပြောင်းအရွှေ့ကာလအတွင်းမှာ လှုပ်ရှားမှုတွေ အလျှင်အမြန်ပြုလုပ်ဖို့ ဖိအားပိုမိုသက်ရောက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နူနို တာဗာရက်စ်၊ ဆမ်ဘီ လိုကွန်ဂါနဲ့ ဘန်ဝှိုက်တို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် ကွင်းလယ်တိုက်စစ်၊ ဂိုးသမား၊ ညာနောက်ခံလူနဲ့ တိုက်စစ်မှူးနေရာတွေအတွက် ဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အသင်းပါ။

ဒါတွေနဲ့ပတ်သက်ပြီး အာတီတာက ခုလိုမျိုး ပြောပြသွားပါတယ်။ “ကျွန်တော်တို့ ဘာလုပ်မယ်၊ ဘယ်သူတွေခေါ်ပြီး ဘယ်သူတွေကို ထွက်ခွာခွင့်ပေးမယ်ဆိုတာကို တိတိကျက သတ်မှတ်ထားပြီးသားပါ။ အသင်းလူစာရင်းကို ပိုမိုကျစ်လျစ်ပြီး မာကျောအောင် စီစဉ်သွားမှာပါ။ ရေရှည်လည်း အကျိုးရှိစေမယ့် လူစာရင်းမျိုးပေါ့။ ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ဆိုရင် ဒီလိုလူစာရင်းမျိုး လိုအပ်ပါတယ်” လို့ သူကဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ကစားသမားတစ်ချို့ကို ပစ်မှတ်ထားပြီး အကဲဖြတ်နေပါတယ်။ အသင်းရဲ့ ကစားဟန်၊ အသင်းရဲ့ အိုင်ဒီယာတွေနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ကစားသမားမျိုးတွေပေါ့။ နောက်ပြီး အသင်းရဲ့ ဘဏ္ဍာရေး ပံ့ပိုးနိုင်စွမ်းတွေနဲ့ ကိုက်ညီမယ့် သူမျိုးတွေလည်း ဖြစ်ဖို့လိုတာပေါ့။ ကျွန်တော်တို့ အဲဒီစံနှုန်းတွေနဲ့ ခေါ်ယူမှု ၃ ခု ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော် ဈေးကွက်ထဲမှာ ဆက်လက်လုပ်ဆောင်စရာတွေ အများကြီးကျန်နေပါသေးတယ်။ မတူညီတဲ့ အမြန်နှုန်းမျိုးနဲ့ ဆောင်ရွက်သွားမှာပါ” လို့ စပိန်လူမျိုးနည်းပြက ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်တလောမှာ ရမ်းစ်ဒေးလ်၊ မက်ဒီဆင်၊ အော်ဝါ၊ အိုဒီဂတ်၊ အေဗရာဟမ်တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေသလို လာကာဇက်၊ ကိုလာစီနက်၊ ရန်နာဆင်နဲ့ ဘယ်လာရင်တို့ကို ရောင်းထုတ်နိုင်ဖို့လည်း စီစဉ်နေတဲ့အသင်းဖြစ်ပါတယ်။

Source: Arsenal Media

Leave a Reply