
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာက အသင်းမှာ အားနည်းချက်တစ်ခုလိုဖြစ်နေတဲ့ ညာတောင်ပံခံစစ်နေရာအတွက် သူ့ရဲ့ အစီအစဉ်ကို ထုတ်ဖော်ပြောဆိုလာပါတယ်။
စပိန်လူမျိုးနည်းပြကတော့ သူ့အသင်းမှာ ညာနောက်ခံလူ ၄ ဦးအထိရှိနေပြီး သူတို့မှာ မတူညီတဲ့ စွမ်းဆောင်ရည်မျိုးတွေ ပိုင်ဆိုင်ထားကြတာကြောင့် ပြိုင်ဘက်အပေါ်မူတည်ပြီး အသုံးချတဲ့နည်းစနစ်ကို သုံးစွဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့မှာ ညာတောင်ပံခံစစ်အတွက် ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဟက်တာ၊ စီဒရစ်၊ ကာလမ်နဲ့ အိန်းစလေတို့ပေါ့။ သူတို့မှာ မတူခြားနားတဲ့ အရည်အသွေးတွေ ရှိနေကြပါတယ်” လို့ အာတီတာက မန်စီးတီးနဲ့ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
“ကျွန်တော်တို့မှာ ဒီရာသီစတင်ကတည်းက ပြဿနာတွေ အများကြီးရှိနေတာ အမှန်ပါ။ သူတို့ထဲက တချို့ဟာ ကိုဗစ်ပြဿနာနဲ့ရင်ဆိုင်နေရသလို တချို့ကလည်း ဒါဏ်ရာရနေကြပါတယ်။ ဒါကြောင့် တချို့တွေ ပါဝင်မကစားနိုင်သေးတာပါ။ ခုချိန်မှာ အားလုံးကို သေချာစောင့်ကြည့်နေပြီးတော့ ပြိုင်ဘက်အသင်းနဲ့ သူတို့ရဲ့ ခြေစွမ်းအနေအထားအပေါ် မူတည်ပြီး အသုံးချဖို့ စီစဉ်ထားပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ စိတ်ကူးပါ” လို့ အာတီတာက ရှင်းပြခဲ့ပါတယ်။

ညာတောင်ပံခံစစ်အတွက် ကစားသမားသစ်ဖြည့်တင်းသွားမှာလားဆိုတဲ့ မေးခွန်းကိုလည်း အာတီတာက ခုလိုမျိုးဖြေဆိုခဲ့ပါသေးတယ်။ “ကျွန်တော် မသိသေးပါဘူး။ ကျွန်တော်တို့ ခေါ်ယူမှုတစ်ချို့ပြုလုပ်ထားပြီးပါပြီ။ ကစားသမား အဝင်အထွက်တွေကတော့ ရှိဦးမှာပါ။ ဒီတစ်နွေလုံးဆိုရင် အဝင်အထွက်နဲ့ စာချုပ်သက်တမ်းတိုးမှု အားလုံးပေါင်း ၁၆၊ ၁၇ ခုလောက်ဖြစ်မယ်ထင်ပါတယ်။ တချို့က လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်လာပါလိမ်မယ်။ ခုချိန်မှာတော့ ဘယ်သူဝင်ပြီး ဘယ်သူထွက်ခွာမယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ စောင့်ကြည့်တာပေါ့” လို့ သူက ပြောဆိုခဲ့တာပါ။
အာဆင်နယ်အသင်းဟာ လက်တလောမှာ ကစားသမားသစ် ၅ ဦးကို ပေါင် သန်း ၁၃၀ အကုန်အကျခံခေါ်ယူထားပြီး အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ တိုက်စစ်မှူး၊ ကွင်းလယ်ဗဟိုနဲ့ ညာတောင်ပံခံစစ်တွေထဲက ၂ နေရာကို ထပ်မံဖြည့်တင်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
Source: Mirror