
အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တာကြောင့် လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ခံခဲ့ရတဲ့ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်ဟာ သူ့ရဲ့ အကောင်းဆုံးနေရာဖြစ်တဲ့ ညာနောက်ခံလူနေရာမှာ ပြောင်းရွှေ့ကစားသွားမယ်လို့ နည်းပြအာတီတာကို ကတိပြုလိုက်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
နိုင်းလ်စ်ဟာ ညာနောက်ခံလူနေရာမှာ ခြေစွမ်းကောင်းပြသနိုင်သူဖြစ်ပေမယ့် ကွင်းလယ်ဗဟိုမှာ ကစားခွင့်ရဖို့ တောက်လျှောက်ကြိုးပမ်းနေခဲ့တာမို့ သူ့ရဲ့ ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သလို ခေါ်ယူလိုတဲ့အသင်းတွေလည်း ကင်းမဲ့နေခဲ့တာပါ။

၂၄ နှစ်အရွယ် အင်္ဂလန်သားဟာ အပြောင်းအရွှေ့နောက်ဆုံးကာလတွေမှာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဆိုပါကလပ်ကလည်း သူ့ကို ညာနောက်ခံလူနေရာအတွက် ပစ်မှတ်ထားခဲ့တာပါ။ ဒါကြောင့်လည်း အာဆင်နယ်အသင်းနည်းပြ မီခယ် အာတီတာက သူ့ကို အသင်းမှာဆက်နေပြီး ညာနောက်ခံလူနေရာ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ခုချိန်မှာတော့ နိုင်းလ်စ်ဟာ လုံလောက်တဲ့ပွဲထွက်ခွင့်ပြန်လည်ရရှိစေဖို့ ညာနောက်ခံလူနေရာမှာ ပြန်လည်ကစားတော့မှာဖြစ်ကြောင်း နည်းပြအာတီတာကို အသိပေးခဲ့တယ်လို့ TBR သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း နိုင်းလ်စ်တစ်ယောက် ခုလမျိုးအသိပေးချိန်ဟာ နောက်ကျခဲ့တာမို့ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ မပိတ်သိမ်းခင်မှာ ဘိုလော့ဂ်နာအသင်းက ဂျပန်လက်ရွေးစင် ညာနောက်ခံလူ တကီဟီရို တိုမီယဆုကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ဖုတ်ပူမီးတိုက် ခေါ်ယူခဲ့ရပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ခံစစ်တန်းမှာ အိန်းစလေ မိတ်လန်း-နိုင်းလ်စ်၊ ကာလမ် ချမ်ဘာစ်၊ စီဒရစ် ဆိုအာရက်စ်နဲ့ တကီဟီရို တိုမီယဆုဆိုပြီး ညာနောက်ခံလူ ၄ ဦးအထိရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် နိုင်းလ်စ်နဲ့ တိုမီယဆုတို့အဓိက တိုက်ပွဲဝင်သွားရဖွယ်ရှိနေပါတယ်။
Soure: TBR