
မိုးဦးကျတဲ့ အချိန်မှာ ပေါ်လာတတ်တဲ့ တညင်းသီးကို မြန်မာလူမျိုး တော်တော်များများ သဘောကျ ကျပါတယ်။ အတို့အမြှုပ် အနေနဲ့ ဖြစ်ဖြစ်၊ ဟင်းချက်ပြီး ဖြစ်ဖြစ်၊ ဆားရည်စိမ်ပြီး ဖြစ်ဖြစ် စားတတ်ကြပါတယ်။ သဲမြေထဲမှာ အပင်ဖောက်ပြီး တညင်းဝက် လုပ်စားတာတောင် ရှိပါသေးတယ်။ မီးလေးအုံးပြီး တို့စားတာ၊ ပြုတ်ပြီး တို့စားတာ၊ အစိမ်းနုနုလေးကို တို့စားတာတွေရှိပါသေးတယ်။
ဒီလောက်နဲ့ ပဲလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ စေးနေအောင် ပြုတ်ထားတဲ့ တညင်းသီးကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီး ပဲဆီလေးနဲ့စိမ်တာ ဒါမှမဟုတ် အုန်းဆီချက် စမ်းပြီး စားတာမျိုုးတွေ ရှိပါတယ်။
တညင်းသီးက အာဟာရမဖြစ်ဘူးလို့ ပြောရတဲ့ အကြောင်းအရင်း
တညင်းသီးမှာ အဆိပ်အတောက် အနည်းငယ်ပါပါတယ်။ တညင်းသီးမှာပါတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ djenkolic acid ပါဝင်နေပါတယ်။ ဒီ အက်ဆစ်က တညင်းသီး အဆိပ်တက်တာကို ဖြစ်စေနိုင်ပါတယ်။
တကယ်ကတော့ တညင်းသီးက ခံတွင်းနံ့ ဆိုးတာ၊ ဆီးအနံ့ နံတာ၊ ဝမ်း အနံ့ဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က တညင်းသီးက အာဟာရ ပါဝင်မှု နည်းသလို အဆိပ် ခပ်ပျော့ပျော့ ပါနေပြီး အာဟာရဖြစ်စေမှုကို အဟန့်အတား ပေးတဲ့အရာတွေပါ ပါဝင်နေတာပါ။

တညင်းသီး စားရင် ဘာဖြစ်မလဲ။
တညင်းသီး စားပြီးရင် ခံတွင်းမှာ အနံ့ဆိုးဖြစ်တာက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ ဖြစ်နေတာပါ။ ဆီးတွေ၊ ဝမ်းတွေ အနံဆိုးနေရခြင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က ကြိုးစားနေတာပါ။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲကို အဆိပ်တွေ ဝင်ရောက်တဲ့အခါ အသည်းက အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ကတော့ ဆီး အနေနဲ့ အဆိပ်အတောက်တွေကို ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ် တစ်ရပ်ပါ။
တညင်းသီး စားလိုက်တဲ့အခါမှာတော့ တညင်းသီးမှာပါတဲ့ အဆိပ်ဖြစ်စေတဲ့ဓာတ်က အသည်းကို အရင်မရောက်ဘဲ သွေးထဲကို ရောက်သွားပါတယ်။ ပြီးမှ အသည်းဆီကို ရောက်ပါတယ်။ အသည်းက ကိုယ်တွင်းကို ဝင်ရောက်သမျှ အဆိပ် အားလုံးကို ဖယ်ရှားပေးနိုင်ပေမယ့် တညင်းသီးရဲ့ အဆိပ်ကိုတော့ မဖယ်ရှား ပေးနိုင်ပါဘူး။
ဒီတော့ နောက်တစ်ဆင့်က ကျောက်ကပ်ကနေ စွန့်ထုတ်ဖို့ ကြိုးစားတာပါ။ ဒါပေမယ့် တညင်းသီးမှာပါတဲ့ အဆိပ် မော်လီကျူးတွေက ကျောက်ကပ်ထဲက ဆီးပြွန်လေးတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုကနေ ကျောက်ကပ် ထိခိုက်ပြီး ဆီးသွားတဲ့အခါ သွေးပါလာတာ၊ ဆီးသွားရခက်တာ၊ ကျောက်ကပ် ထိခိုက်မှုကြောင့် ခါး တအားနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီလိုကနေမှ သွေးထဲမှာ အဆိပ်အတောက်တွေများလာပြီး ရုတ်တရက် ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက အဆိုးဆုံး အနေနဲ့ ကျောက်ကပ်ပျက်ပြီး သေဆုံးတာမျိုး အထိ ဖြစ်နိုင်ပါတယ်။
အတွေ့အကြုံတစ်ခုကို မျှဝေရမယ်ရမယ်ဆိုရင် ဆယ်ကျော်သက် လူငယ်လေးတစ်ယောက် တညင်းသီးကို ကြိုက်လွန်းလှချည်ရဲ့ဆိုပြီး တစ်ယောက်တည်း တစ်ခြင်းလုံးကို တစ်ထိုင်တည်းစားပြီး နောက်နေ့ကျ ရုတ်တရက် ကျောက်ကပ်ပျက်လို့ ဆီးလုံးဝမထွက်တော့ဘဲ ဆေးရုံကို ရောက်လာတဲ့ အဖြစ်အပျက်လေး ရှိဖူးပါတယ်။ တညင်းသီး အဓိက ထိခိုက်စေတာက ကျောက်ကပ်ပါ။ သာမန်လူတောင် ဒီလို ဖြစ်သွားရင် နဂိုကျောက်ကပ်မကောင်းတဲ့သူအနေနဲ့ တတ်နိုင်သမျှရှောင်ကြဉ်ဖို့ အကြံပြုလိုပါတယ်။
တညင်းသီးစားပြီး ဘေးမဖြစ်စေဖို့ဆိုရင်
တညင်းသီးမှာပါတဲ့ အဆိပ်က ရေမှာပျော်ဝင်တဲ့ အဆိပ်မျိုးပါ။ အရမ်း ပျော်ဝင်နိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ တညင်းသီးကို အဆိပ်ဓာတ် နည်းစေဖို့ဆိုရင် ရေဆူဆူနဲ့ ၃ ကြိမ်လောက် ပြုတ်ဖို့ လိုပါမယ်။ ဒါမှ အဆိပ်က နည်းသွားမှာပါ။
တစ်ကြိမ်ပြုတ်ပြီးတိုင်းမှာ ရေကို သွန်ပစ်ပြီး အသစ် ထပ်ပြုတ်ရပါမယ်။ ဒါမှ အဆိပ် ပမာဏ နည်းသွားမှာပါ။ တညင်းသီးကို အဆိပ်လျော့စေမယ့် နောက်တစ်နည်းက ဆားရည် စိမ်တာပါ။
တညင်းသီးကို အစိမ်းတို့တာ နဲ့ မီးအုံး စားတာက အဆိပ် အများဆုံး ဖြစ်တာကြောင့် မစားတာက အကောင်းဆုံးပါ။ တညင်းသီး စားမိပြီဆိုရင်လည်း ရေများများ သောက်ဖို့ လိုပါမယ်။
Writer : Aye Thi Mon