တမာ နဲ့ အညာက ခွဲမရတဲ့ အရာပါ။ နွေပူပူ တမာရိပ်မှာ အကြမ်းရည်လေးသောက် လက်ဖက်လေးဝါးရတာက အတော်လေး အရသာရှိပါတယ်။ ဒီလိုမျိုး နွေပူချိန်မှာ အရိပ်အေးအေးကို ပေးတဲ့ တမာပင်က အရွက်၊ အခေါက်၊ အသီး အားလုံးလိုလို ဆေးဖက်ဝင်ပါတယ်။
ဒီတော့ အချဉ်စိမ်စားလေ့ရှိတဲ့ တမာရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို အတူတူ ကြည့်လိုက်စို့လား!
တမာ က အခုလို ဆေးဖက်ဝင်ပါတယ်
တမာရဲ့ ဆေးဖက်ဝင်ပုံတွေကတော့ အောက်ပါအတိုင်းပါပဲ။
တမာက သွားနဲ့ခံတွင်း ကျန်းမာစေတယ်
တမာရိုးနဲ့ သွားတိုက်လို့ ရသလို တမာရွက်က သွားချေးတွေကို ပြောင်စင်စေပြီး သွားနဲ့ခံတွင်း ကျန်းမာစေနိုင် ပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး သွားဖုံးရောင်တာကိုလည်း သက်သာစေနိုင် ပါတယ်။

ပိုးသတ်ပေးနိုင်တယ်
တမာရွက်က ပိုးသေစေနိုင်ပြီး အရေပြား ပြဿနာတွေကို သက်သာစေနိုင်သလို ခြင်ကိုက်ရာတွေကိုလည်း သက်သာစေနီုင်ပါတယ်။
ပါးစပ်ထဲက အနာ သက်သာစေတယ်
တမာပြုတ်ရည်နဲ့ ပလုပ်ကျင်းပေးတာက ပါးစပ်ထဲက အနာကို သက်သာစေနိုင်ပါတယ်။ ပါးစပ်ထဲမှာ အနာတွေ ဖြစ်ရင် တမာပြုတ်ရည်လေးကို အသုံးပြုပေးလို့ ရပါတယ်။
အစာအိမ် အနာသက်သာစေတယ်
တမာရွက်ရဲ့ နောက်ထပ်အာနိသင် တစ်ခုက အစာအိမ် အနာကို သက်သာစေနိုင်တာပါ။ အူလမ်းကြောင်းမှာ ဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်ပြီး အစာခြေစနစ် ကျန်းမာစေနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်
တမာရွက်က ပိုးသေစေနိုင်ပြီး အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေဖို့ တမာရွက်ကို ရေနွေးဆူဆူထဲ ထည့်ပြီး ရေနွေးငွေ့ ရှူပေးလို့ ရပါတယ်။

အသားအရေ ကျန်းမာစေတယ်
ဝက်ခြံ အပါအဝင် အရေပြား ပြဿနာတွေကို သက်သာစေဖို့ တမာရွက်ကို ကြိတ်ပြီး လိမ်းပေးလို့ ရသလို တမာဆီကိုလည်း အသုံးပြုပေးလို့ ရပါတယ်။ ဒါကြောင့် အသားအရေ ကျန်းမာစေချင်တယ်ဆိုရင်တော့ တမာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။
သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
အခါးဓာတ် ရှိတဲ့ တမာရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
တမာရွက်လေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပေးစွမ်းနိုင်တာမို့ မကြာခဏ မှီဝဲစားသုံးပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့ Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။