တာဗာရက်စ်က အာဆင်နယ်အသင်းရဲ့ ပြဿနာ ၂ ခုကို ဖြေရှင်းပေးသွားမလား

Express သတင်းဌာနကတော့ အာဆင်နယ်အသင်းရဲ့ ကစားသမားသစ် နူနို တာဗာရက်စ်ဟာ ဂန်းနားတွေရဲ့ ခံစစ်တန်းက ပြဿနာ ၂ ရပ်ကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ သုံးသပ်ဖော်ပြလိုက်ပါတယ်။

ဗြိတိန်သတင်းစာကြီးကတော့ အသက် ၂၁ နှစ်အရွယ် ဘယ်နောက်ခံလူ တာဗာရက်စ်ဟာ အာဆင်နယ်အသင်းလိုအပ်နေတဲ့ ဒုတိယဦးစားပေး ဘယ်ခြမ်းနောက်ခံလူနေရာကို ဖြည့်တင်းပေးနိုင်ရုံသာမက ဘယ်လာရင်ထွက်ခွာသွားရင် လိုအပ်လာမယ့် ပွဲထွက်ညာနောက်ခံလူနေရာအတွက်လည်း စဉ်းစားလို့ရတဲ့ ကစားသမားဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

ပေါ်တူဂီကစားသမားဟာ ဘယ်နောက်ခံလူတစ်ယောက်ဖြစ်ပေမယ့် ဘယ်ခြေနဲ့ရော ညာခြေနဲ့ပါ ဘောလုံးကို ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်ပြီး ဘယ်နောက်ခံလူနေရာမှာရော ညာနောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိတယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

လူငယ်ခံစစ်မှူး တာဗာရက်စ်ကိုယ်တိုင်ကလည်း သူ့မှာ ဘယ်ခြေ၊ ညာခြေမရွေးကစားနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတဲ့အကြောင်းကို အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာလည်း ထည့်သွင်းပြောဆိုထားဖူးသူပါ။ “ကျွန်တော်က လျှင်မြန်မှုရှိပြီး (ဘယ်သန်ဖြစ်ပေမယ့်) ညာခြေကိုလည်း ကောင်းကောင်းသုံးနိုင်တဲ့သူပါ။ ညာခြေနဲ့ ဂိုးကန်သွင်းမှုတောင် ပြုလုပ်နိုင်ပါတယ်။ နောက်ပြီး ကောင်းကောင်းလိမ်ခေါက်နိုင်သလို နည်းစနစ်ပိုင်းနဲ့ ရုပ်ပိုင်ဆိုင်ရာ အရည်အသွေးတွေလည်း အများကြီးပိုင်ဆိုင်ထားပါသေးတယ်” လို့ အာဆင်နယ်အသင်းကို ရောက်ရောက်ခြင်းမှာပဲ သူက ပြောဆိုခဲ့ပါတယ်။

အဓိက ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ရောင်းထုတ်တော့မှာဖြစ်ပြီး ညာနောက်ခံလူသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ တာဗာရက်စ်ရဲ့ လေ့ကျင့်ရေးကွင်းခြေစွမ်းပေါ် မူတည်ပြီး ညာခြမ်းကိုပြောင်းရွှေ့ကစားစေတာမျိုး ပြုလုပ်လာနိုင်ခြေရှိနေပါတယ်။

တာဗာရက်စ်ဟာ ဘင်ဖီကာအသင်းမှာရှိစဉ်တုန်းက ဘယ်နောက်ခံလူအဖြစ် အဓိက ကစားခဲ့ပေမယ့် တစ်ချို့ပွဲစဉ်တွေမှာ ညာနောက်ခံလူအဖြစ်လည်း ပါဝင်ကစားခဲ့ဖူးပြိး ၂၀၁၉-၂၀ ရာသီတုန်းကဆိုရင် ညာနောက်ခံလူအဖြစ် ကစားခဲ့တဲ့အကြိမ်ရေက ဘယ်နောက်ခံလူအဖြစ် ကစားခဲ့တဲ့အရေအတွက်ထက် ပိုများခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီမှာတော့ ဘယ်နောက်ခံလူအဖြစ်သာ တစ်ရာသီလုံးကစားခဲ့တာဖြစ်ပါတယ်။

Source: Express

Leave a Reply