တာဗာရက်စ်ဟာ ပေါ်တူဂီမှာ အမြန်ဆုံးကစားသမားဖြစ်ကြောင်း အေးဂျင့် ထုတ်ပြော

အာဆင်နယ်အသင်းသားဖြစ်လာတော့မယ့် ပေါ်တူဂီ ဘယ်နောက်ခံလူ နူနို တာဗာရက်စ်ရဲ့ အေးဂျင့်ဖြစ်သူ ဆီဇာ ဘိုနာဗန်ကျူရာက သူ့ကစားသမားဟာ ပေါ်တူဂီလိဂ်မှာတုန်းက ပြိုင်ပွဲတစ်ခုလုံးမှာ လျှင်မြန်မှုအရှိဆုံးကစားသမားဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ တာဗာရက်စ်ဟာ ဖြတ်တင်ဘောတိကျမှုကြောင့် နာမည်ကျော်သလို အမြန်နှုန်းမြင့်မားမှုကြောင့်လည်း ထင်ရှားပါတယ်။ ထိပ်တန်း ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ FIFA21 မှာတော့ တာဗာရက်စ်ရဲ့ Sprint Speed ကို 87/100 အထိသတ်မှတ်ပေးထားပြီး Acceleration ကိုတော့ 85/100 အထိသတ်မှတ်ထားပါတယ်။ ဒါဟာ ကမ္ဘာ့အမြန်ဆုံး ခံစစ်မှူး အယောက် ၂၀ စာရင်းဝင်တဲ့ သတ်မှတ်ချက်မျိုးဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘိုနာဗန်ကျူရာက ဒေသတွင်းမီဒီယာ Radio Marte နဲ့ အင်တာဗျူးမှာ ခုလိုပြောဆိုသွားပါတယ်။ “သူက ဥရောပတစ်လွှားက ဘယ်လိုထိပ်တန်းကလပ်မျိုးမှာမဆို ကစားနိုင်ပါတယ်။ သူက အလွန်လျှင်မြန်တဲ့ကစားသမားပါ။ ပြောရရင် ပေါ်တူဂီ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားပါ” လို့ ဘိုနာဗန်ကျူရာက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တာဗာရက်စ်ဟာ ဥရောပထိပ်တန်းကြယ်ပွင့်တစ်ဦးဖြစ်လာနိုင်တဲ့ အလားအလာမျိုးတွေကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သူကဆိုသွားပါသေးတယ်။ “သူက ငယ်ရွယ်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။ ခုချိန်မှာ အသင်းကြီးတစ်သင်းမှာ ပထမကစားသမားတန်းဖြစ်ဖို့ နုနယ်သေးတယ်ဆိုရင်တောင်မှ အနာဂတ်မှာ သေချာပေါက် ထိပ်တန်းဘယ်နောက်ခံလူဖြစ်လာမှာပါ။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်ယောက် သေချာပေါက်ဖြစ်လာပါလိမ့်မယ်” လို့လည်း ဆိုသွားတာပါ။

Goal ရဲ့ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်မှာမှ စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ တာဗာရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီတန်းက ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ၁ ဂိုးသွင်း၊ ၇ ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။

အဆိုပါသတင်းဌာနရဲ့ ထိပ်တန်းသတင်းထောက် ချားလ်စ်ဝက်ထ်ကလည်း အာဆင်နယ်အသင်းဟာ တာဗာရက်စ်ကို ကီယန် တီယာနီရဲ့ အရံအဖြစ် ထားရှိရုံ မျှော်လင့်ချက်မျိုးနဲ့ ခေါ်ယူခဲ့တာမဟုတ်ပဲ ရေရှည်မှာ အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာဖို့အထိ မျှော်လင့်ချက်ထားရှိထားတယ်လို့ ဆိုထားပါတယ်။

Source: TBR, talkSPORT

Leave a Reply