
အာဆင်နယ်အသင်း အသစ်ခေါ်ယူထားတဲ့ ဂျပန်ညာနောက်ခံလူ တကီဟီရို တိုမီယဆုဟာ သူ့ရဲ့ကစားဟန်နဲ့ အရည်အသွေးတွေကြောင့် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်နဲ့ အံ့အားသင့်ဖွယ် နှိုင်းယှဉ်သုံးသပ်ခံနေရပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂျပန်လက်ရွေးစင် ညာနောက်ခံလူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ ဘိုလော့ဂ်နာအသင်းထံကနေ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေကြောင့် အသင်းနဲ့ ပူးပေါင်းရခြင်းမရှိသေးသူပါ။

တိုမီယဆုရဲ့ အပြောင်းအရွှေ့မှာ ပရိတ်သတ်တွေနဲ့ ကျွမ်းကျင်သူတွေအကြားမှာ သဘောထားကွဲလွဲမှုတွေရှိနေပြီး တစ်ချို့က အာဆင်နယ်အသင်းအတွက် သင့်လျော်တဲ့ကစားသမားလို့ ယုံကြည်နေကြပေမယ့် တစ်ချို့ကတော့ သံသယအကြည့်နဲ့ စောင့်ကြည့်နေကြပါတယ်။
ဒီလိုအခြေအနေမျိုးရှိနေစဉ်မှာပဲ The Athletic နဲ့ Football London အပါအဝင် ထိပ်တန်းမီဒီယာတွေဆီကနေ တိုမီယဆုကို ဆာဂျီယို ဘူးစကွက်နဲ့ နှိုင်းယှဉ်သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ တိုမီယဆုဟာ စွယ်စုံရကစားသမားဖြစ်ပြီး ခံစစ်အားပြုနေရာအတော်များများမှာ ရွှေ့ပြောင်းကစားနိုင်တဲ့ အားသာချက်မျိုးရှိသူဖြစ်ပြီး အာဆင်နယ်အသင်းကလည်း သူ့ရဲ့ အဆိုပါအရည်အသွေးကြောင့် ခေါ်ယူခဲ့တာလို့ နည်းပြအာတီတာကိုယ်တိုင် ဖွင့်ဟဝန်ခံထားပါတယ်။

တိုမီယဆုဟာ လက်ရှိမှာ ညာတောင်ပံခံစစ်မှူးအဖြစ် အဓိက ကစားနေပေမယ့် ဗဟိုခံစစ်နဲ့ ကွင်းလယ်အဖျက်နေရာတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်သလို အသက် ၁၁ နှစ်အရွယ် ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီမှာ ခြေစွမ်းစမ်းသပ်ခဲ့စဉ်တုန်းကလည်း ဘူးစကွက်လိုမျိုး ထိပ်တန်းကွင်းလယ်လူဖြစ်နိုင်တဲ့ အလားအလာမျိုးရှိတယ်လို့ သုံးသပ်ခံခဲ့ရသူပါ။
တိုမီယဆုရဲ့ ခြေစွမ်းနဲ့ကစားဟန်ဟာ ဆာဂျီယို ဘူးစကွက် ဒါမှမဟုတ် လီလီယန် သူရမ်တို့နဲ့ ဆင်တူတယ်လို့ စိန့်ထရူဒန်အသင်းရဲ့ လက်ထောက်နည်းပြဟောင်းဖြစ်တဲ့ အစ်ဆိမ်း ချာရိုင်းက မှတ်ချက်ပြုဖူးပါတယ်။

ချာရိုင်းကတော့ တိုမီယဆုဟာ ခံစစ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဘောလုံးဖြန့်ဝေပုံနဲ့ အတက်အဆင်းကစားနိုင်စွမ်းမြင့်မားပြီး နည်းစနစ်ပိုင်း ကျေညက်မှု အားကောင်းတာကြောင့် ဗဟိုခံစစ် ဒါမှမဟုတ် ကွင်းလယ်ခံစစ်နေရာကို ပုံသေရွှေ့ပြောင်းကစားမယ်ဆိုရင် ပိုခြေစွမ်းပြသနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
လက်တလောမှာတော့ တိုမီယဆုဟာ အာဆင်နယ်အသင်းထံ လာရောက်ပူးပေါင်းရခြင်းမရှိသေးသလို ဘယ်နေရာမှာ နေရာချထားပြီး ကစားစေမလဲဆိုတာကိုလည်း အတိမကျမသိရှိရသေးပါဘူး။ အာဆင်နယ်အသင်းက သူ့ကို ညာနောက်ခံလူနေရာအတွက် ခေါ်ယူခဲ့တာဖြစ်ပေမယ့် ၃ ယောက်တန်းခံစစ်ရဲ့ ညာအစွန်ဗဟိုနောက်ခံလူအဖြစ် နေရာချထားတာမျိုး ပိုဖြစ်နိုင်ခြေရှိတယ်လို့ The Athletic ကတော့ သုံးသပ်ထားပါတယ်။
Source: The Athletic, Football London