“တိုမီယဆုက ဖန်တွေလိုချင်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ အာဆင်နယ် လိုအပ်နေတဲ့ ကစားသမားပါ” – ကမ်းဘဲလ်

ဂန္တဝင်တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အာဆင်နယ်အသင်း အသစ်ခေါ်ယူလိုက်တဲ့ ဂျပန် ညာနောက်ခံလူ တကီဟီရို တိုမီယဆုဟာ အာဆင်နယ်ပရိတ်သတ်တွေ တောင့်တနေတဲ့ ထိပ်တန်းနာမည်ကျော်ကစားသမားမျိုးမဟုတ်ပေမယ့် အသင်းအတွက် လိုအပ်နေတဲ့ ကစားသမားမျိုးဆိုတာတော့ သေချာတယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ ၂၂ နှစ်သား ဂျပန်လက်ရွေးစင်ကို ပေါင် သန်း ၂၀ ပေးချေခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါညာနောက်ခံလူလေးဟာလည်း အာရွမ် ရမ်းစ်ဒေးလ်လိုပဲ ရောက်ရောက်ခြင်းမှာတင် ပရိတ်သတ်တွေရဲ့ သံသယအကြည့်တွေနဲ့ရင်ဆိုင်နေရာတာပါ။

ဒါနဲ့ပတ်သက်ပြီး ကမ်းဘဲလ်က ခုလိုမျိုး မှတ်ချက်ပြုခဲ့ပါတယ်။ “သူ့ကို ခေါ်ယူခဲ့တာကို ကျွန်တော် သဘောကျပါတယ်။ အာဆင်နယ်က ညာနောက်ခံလူ ခေါ်ယူဖို့ လိုအပ်နေတဲ့အသင်းပါ။ သူက ဒီဟာကွက်ကို ကောင်းကောင်းဖြည့်ဆည်းပေးနိုင်မယ့် ကစားသမားမျိုးပါ။ တိုမီယဆုက ပရိတ်သတ်တွေလိုချင်တဲ့ နာမည်ကြီးကစားသမားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်လိုနေတဲ့ကစားသမားပါ” လို့ သူက Football Insider က အစီအစဉ်တင်ဆက်သူ ဒိုင်လန် ချိုင်းလ်ဒ်စ်ကို ပြောခဲ့တာပါ။

“ကျွန်တော် သတင်းအရင်းအမြစ်တစ်ချို့နဲ့ သူ့အကြောင်း ဆွေးနွေးဖြစ်ပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ ခံစစ်မှူးတစ်ယောက်ဖြစ်ပြီးတော့ အားကိုးရမယ့်သူမျိုးလို့ ထောက်ခံကြပါတယ်။ တိုမီယဆုက လျှင်မြန်၊ မာကျောပြီး ပေးပို့ပုံလည်းတိကျပါတယ်။ ညာနောက်ခံလူတစ်ယောက်ထက်ပိုတဲ့ အရည်အသွေးတွေလည်းရှိပါတယ်။ ဗဟိုနောက်ခံလူအဖြစ် ကစားနိုင်တာမျိုးပေါ့။ သူ့အပေါ် လူတွေမြင်နေတဲ့ သံသယအရိပ်တွေကို ထိုးဖောက်ပြီး ခြေစွမ်းကောင်းတွေပြနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့လည်း ကမ်းဘဲလ်က ဆိုသွားပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ ယခုနှစ်နွေရာသီခေါ်ယူမှုတွေဟာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ အသင်းရဲ့ ကြိုးစားချင်စိတ်မရှိတဲ့ စိတ်ဓာတ်ဆိုးကြီးကို ကစားသမားသစ်တွေက ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း သူကဆိုသွားပါတယ်။

“အာတီတာရဲ့ ခေါ်ယူမှုတွေမှာ အရေးအကြီးဆုံးသိထားရမယ့်အချက်က သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ သူတို့ စိတ်အားထက်သန်မှုတွေ အကြောင်းပါပဲ။ ဒီအချက်တွေက အရေးတကယ်ကြီးပါတယ်။ ဒီအချက်တွေမရှိတဲ့ ကစားသမားမျိုးတွေနဲ့ဆိုရင် အသင်းက ဘယ်သူနဲ့မှ ယှဉ်ပြိုင်နိုင်စွမ်းရှိမှာမဟုတ်ပါဘူး” လို့ တိုက်စစ်မှူးဟောင်းက မှတ်ချက်ပေးသွားတာဖြစ်ပါတယ်။

Source: Football Insider

Leave a Reply