
အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ ဘိုလော့ဂ်ညာကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဂျပန်ညာနောက်ခံလူ တကီဟီရို တိုမီယဆုဟာ နော်ဝစ်ချ်နဲ့ပွဲစဉ်မှာ အသင်းနဲ့ ပွဲဦးထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းကောင်းလည်း ပြသနိုင်ခဲ့ပါတယ်။
သံသယမျက်ဝန်းတွေနဲ့ စောင့်ကြည့်ခံခဲ့ရတဲ့ ၂၂ နှစ်သား ခံစစ်မှူးဟာ အဆိုပါပွဲစဉ်မှာ ၆၂ မိနစ်သာ ပါဝင်ကစားခဲ့ပေမယ့် သူ့ခြေစွမ်းနဲ့ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ဖို့ အဆိုပါအချိန်အတိုင်းအတာက လုံလောက်ခဲ့ပါတယ်။ အာရွမ် ရမ်းစ်ဒေးလိုပဲ နေ့ချင်းညချင်း ပရိတ်သတ်အချစ်တော်ဖြစ်လာခဲ့တဲ့ တိုမီယဆုဟာ ထူးခြားချက်တွေ ပြည့်နှက်နေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ဘဝတစ်လျှောက်က ထူးခြားတဲ့ အချက် ၅ ချက်ကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်။

တိုမီယဆုက ရေကူးသမားဖြစ်ချင်ခဲ့တာ – တိုမီယဆုရဲ့ တကယ့်ရည်မှန်းချက်က ရေကူးအားကစားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ငယ်စဉ်တုန်းက မေးရိုးကျိုးတဲ့အထိ ပြင်းထန်ခဲ့တဲ့ မတော်တဆမှုကြောင့် ရေကူးကန်တွေနဲ့ဝေးရာမှာ အချိန်အတော်ကြာနေခဲ့ရပြီး ရေကူးသမားဖြစ်ချင်တဲ့ အိပ်မက်ကလည်း ပြယ်လွင့်သွားခဲ့ရပါတယ်။ ဒါပေမယ့် တိုမီယဆုဟာ ရေမကူးဖြစ်ပေမယ့် တခြားအားကစားတစ်ခုဖြစ်တဲ့ ဘောလုံးဘက်ကမှာ ထူးချွန်အောင် အပြင်းအထန်ကြိုးစားခဲ့ပြီး ခုချိန်မှာတော့ နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားတစ်ယောက်ဖြစ်နေပြီဖြစ်သလို ထိပ်သီးကလပ် အာဆင်နယ်အသင်းမှာလည်း ကစားခွင့်ရရှိနေပြီဖြစ်ပါတယ်။
ဘာစီလိုနာကို ရောက်လုနီးပါးဖြစ်ခဲ့တယ် – တိုမီယဆုဟာ အသက် ၁၁ နှစ်အရွယ်မှာတင် လာမာစီယာအကယ်ဒမီထံ ခေါ်ယူခြင်းခံခဲ့ရသူပါ။ ကင်းထောက်တွေဟာ သူ့ရဲ့ ခြေစွမ်းကို အထူးသဘောကျနှစ်သက်ခဲ့ကြသလို အကယ်ဒမီနည်းပြတွေကလည်း သဘောကျခဲ့ကြပေမယ့် ကျောင်းသားအရွယ်ဖြစ်နေတာမို့ ဗီဇာကိစ္စ အဆင်မပြေဖြစ်ကာ အပြောင်းအရွှေ့ဖြစ်မလာခဲ့တာဖြစ်ပါတယ်။
ကျင့်ဝတ်လိုက်နာမှုအပိုင်းမှာ စံပြုခံရတဲ့သူ – တိုမီယဆုဟာ ဂျပန်လူမျိုးတစ်ယောက်ပီပီ အလုပ်လုပ်ရာမှာ စည်းစနစ်ကြီးပြီး အလွန်တိကျပါတယ်။ လေ့ကျင့်ရေးကွင်းမှာရော ကစားပွဲတွေမှာပါ အမြဲတစေ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်တတ်ပြီး လိုက်နာရမယ့် ကျင့်ဝတ်တိုင်းကို တသွေမတိမ်းလိုက်နာတတ်သူလို့ နာမည်ကြီးပါတယ်။ တိုမီယဆုရဲ့ နည်းပြဟောင်းဖြစ်တဲ့ အဆာမီ ချာရိုင်းကတော့ တိုမီယဆုဟာ လိုအပ်ရင် လေ့ကျင့်ခန်းကို ၂ ဆ တိုးလုပ်ပေးဖို့ ဘယ်တုန်းကမှ တွန့်ဆုတ်လေ့ရှိသူမဟုတ်ဘူးလို့ ချီးမွမ်းဖူးပါတယ်။

အာဆင်နယ်အသင်းရဲ့ စတုတ္ထမြောက် ဂျပန်ကစားသမား – အာဆင်နယ်အသင်းဟာ အာရှအားကစားသမားတွေကို အများအပြားခေါ်ယူဖူးတဲ့အသင်းမဟုတ်ပါဘူး။ ဒီကနေ့အချိန်အထိ အာဆင်နယ်မှာကစားခဲ့ဖူးတဲ့ အာရှသားအရေအတွက်ဟာ လက်ဆယ်ချောင်းမပြည့်သေးပါဘူး။ အဲဒီထဲမှ ဂျပန်ကစားသမားအရေအတွက်ကတော့ တိုမီယဆုအပါအဝင်မှ ၄ ဦးသာရှိပါတယ်။ တိုမီယဆုမတိုင်ခင် အာဆင်နယ်မှာ ကစားခဲ့ဖူးတဲ့ ဂျပန်သားတွေကတော့ အီနာမိုတို၊ မီယာအီချီနဲ့ အဆာနိုတို့ဖြစ်ပါတယ်။
ဘူးစကွက်နဲ့ နှိုင်းယှဉ်ခံရသူ – သိပ်မအံ့သြသွားပါနဲ့။ တိုမီယဆုဟာ ဗဟိုခံစစ်မှာ ကစားရင်း ညာနောက်ခံလူဖြစ်လာသူပါ။ ဘူးစကွက်ကလည်း ဗဟိုခံစစ်မှာ ကစားရင်း ကွင်းလယ်ခံစစ်လူဖြစ်လာတာပါ။ စွယ်စုံရကစားသမားတစ်ဦးဖြစ်တဲ့ တိုမီယဆုဟာ ဗဟိုခံစစ်နဲ့ ညာနောက်ခံလူနေရာတွေအပြင် ကွင်းလယ်ခံစစ်နေရာမှာလည်း ကောင်းကောင်းကစားနိုင်ပါတယ်။ သူ့ရဲ့ ခံစစ်အမြင်၊ အရပ်အမောင်းနဲ့ ဘောလုံးဖြန့်ဝေနိုင်စွမ်းတွေကြောင့် ဆာဂျီယို ဘူးစကွက်နဲ့ နှိုင်းယှဉ်ခြင်းခံံရပေမယ့် ဂျပန်သားကတော့ ကွင်းလယ်ကို ပုံသေပြောင်းရွှေ့ကစားဖို့ ငြင်းဆိုပြီး ခံစစ်တန်းမှာ ဆက်ကစားဖို့သာ ရွေးချယ်ခဲ့သူပါ။
Source: Arsenal Insider