
ညာနောက်ခံလူသစ် ရှာဖွေနေတဲ့ အာဆင်နယ်အသင်းဟာ မန်ယူအသင်းထံ ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေကြီးနေတဲ့ အက်သလက်တီကို ခံစစ်မှူး ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်လိုက်ပါတယ်။
ဂန်းနားတွေဟာ ထရစ်ပီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ကိုးကားပြီး The Sun က ဖော်ပြသွားပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ကိုယ်တိုင်လည်း စပိန်မြေကို ရောက်ရှိနေတာမို့ အဆိုပါသတင်းတွေဟာ ပိုမိုပြီး ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာနေပါတယ်။

ကီယန် ထရစ်ပီယာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်အသင်းက ကြိုးပမ်းနေဆဲဖြစ်ပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေတာမို့ ရှေ့ဆက်မတိုးနိုင်ဖြစ်နေချိန်မှာ အာဆင်နယ်အသင်းက ခုလိုမျိုး ကြားဝင်လာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး အရည်အသွေးမြင့် ညာနောက်ခံလူတစ်ဦးနဲ့ ပြန်လည်အစားထိုးဖို့လည်း ဆန္ဒရှိနေတဲ့အသင်းပါ။ အပြောင်းအရွှေ့ရာသီတစ်လျှောက်လုံး ညာနောက်ခံလူ အမြောက်အများနဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ထရစ်ပီယာနဲ့ကျမှ ခြေသွက်လက်သွက်နဲ့ တရားဝင်ကမ်းလှမ်းမှုပြုလုပ်လိုက်တာဖြစ်ပါတယ်။

စပိန်ကလပ်အနေနဲ့ အဆိုပါ အင်္ဂလန်လက်ရွေးစင်အတွက် သူတို့အလိုရှိတဲ့ တန်ကြေးမျိုး ရရှိမယ်ဆိုရင် လက်လွှတ်ဖို့ ဆုံးဖြတ်ထားပေမယ့် အက်သလက်တီကိုဘက်က အလိုရှိနေတာက ပေါင် ၃၄ သန်းဖြစ်ပါတယ်။ မီဒီယာတွေကတော့ ဂန်းနားတွေအနေနဲ့ အဆိုပါအပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်း အလိုရှိနေတဲ့ ဟက်တာ ဘယ်လာရင်ကို အသုံးချလာနိုင်ကြောင်း သုံးသပ်ထားပါတယ်။
အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ထရစ်ပီယာဟာ မန်စီးတီးအကယ်ဒမီထွက်ကစားသမားဟောင်းဖြစ်ပြီး စပါးအသင်းမှာကစားခဲ့တဲ့ ၄ ရာသီအတွင်း ပိုမိုထင်ရှားလာခဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အက်သလက်တီကိုထံ ပြောင်းရွှေ့ခဲ့ပြီး ယမန်နှစ်ရာသီတုန်းက စပိန်ကလပ်နဲ့အတူ လာလီဂါချန်ပီယံဖြစ်ခဲ့ပါတယ်။
Source: The Sun, HITC