
အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ် အာတီတာဟာ ချန်ပီယံရှစ်ကလပ် မီလ်ဝေါလ်အသင်းထံ အငှားချထားတဲ့ လူငယ်ခံစစ်မှူး ဒန်နီယယ် ဘဲလာ့ဒ် ရဲ့ ခြေစွမ်းကို နှစ်ခြိုက်သဘောကျနေပြီး ရာသီမကုန်ခင် အသင်းထံ ပြန်လည်ခေါ်ယူတာမျိုးပြုလုပ်လာနိုင်တယ်လို့ သတင်းတချို့ ထွက်ပေါ်လာနေပါတယ်။
အသက် ၂၁ နှစ်အရွယ် မြောက်အိုင်ယာလန်သားဟာ အာဆင်နယ်အကယ်ဒမီမှာ တောက်လျှောက် ခြေစွမ်းပြသနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ပထမအသင်းပွဲအတွေ့အကြုံရရှိစေဖို့ ပြီးခဲ့တဲ့ရာသီကနေစတင်ပြီး အငှားထွက်ကစားခဲ့ရသူပါ။ ၂၀၂၀-၂၁ ရာသီတုန်းက ဘလက်ပူးလ်အသင်း ချန်ပီယံရှစ်ထံ တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့သလို ယခုနှစ်ရာသီမှာလည်း မီလ်ဝေါလ်အသင်းမှာ အငှားသွားရောက်ကစားရင် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါတယ်။

သူ့ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး မီလ်ဝေါလ် မန်နေဂျာ ဂယ်ရီ ရိုဝက်က “သူ့ရဲ့ ခြေစွမ်းက တော်တော်လေး ကောင်းမွန်ပါတယ်။ ငယ်ရွယ်သလောက် ရင့်ကျက်မှုလည်း ရှိနေသူပါ။ သူ့ရဲ့သင်ယူလေ့လာနိုင်စွမ်းနဲ့ တိုးတက်မှုကို လိဂ်-၁ ကနေ ချန်ပီယံရှစ်ကလပ်ဆီ (အငှားထွက်ကစားရင်း) ချက်ခြင်းလှမ်းတက်လာတာကို ကြည့်ပြီး သိမြင်နိုင်ပါလိမ့်မယ်။ ပြိုင်ပွဲ ၂ ခုလုံးမှာ သိသာထင်ရှားတဲ့ ခြေစွမ်းကောင်းမျိုးပြသထားတာကလည်း ထူးခြားချက်ပါပဲ။ သူ့မှာ သိပ်ကိုကြီးမားတဲ့အနာဂတ်ရှိနေတယ်ဆိုတာ သေချာပါတယ်။ သူသာ ဒီခြေစွမ်းကို ဆက်ပြီးထိမ်းသိမ်းထားနိုင်မယ်ဆိုရင် ပထမအသင်းဆီ ရောက်လာနိုင်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။
အာဆင်နယ် ဂန္တဝင် အီယန် ရိုက်ကလည်း “သူ့ရဲ့ ကောင်းတဲ့အချက်က ပင်နယ်တီဧရိယာထဲမှာ ခံစစ်ပြင်ပုံနဲ့ ဧရိယာထိပ်က ကာကွယ်မှုတွေပါပဲ။ ကျွန်တော် ခံစစ်မှူးတစ်ယောက်မဟုတ်လို့ တချို့ကိစ္စတွေကို အသေးစိတ်ပြောမပြတတ်ပေမယ့် သူ့ကစားပုံက တကယ်ကောင်းတယ်ဆိုတာကိုတော့ ခံစားပြီး သိနိုင်ပါတယ်။ သူ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ သူ အငှားထွက်ကစားတဲ့အသင်းတိုင်းမှာ ပွဲထွက်ခွင့်ကို တခါတည်းတန်းရတာကလည်း သူ ဘယ်လောက်ကောင်းတယ်ဆိုတာကို သက်သေပြနေတာပါပဲ” လို့ ဒန်နီယယ် ဘဲလာ့ဒ် ကို ချီးမွမ်းစကားဆိုခဲ့ပါတယ်။

Express ရဲ့ သတင်းတစ်ရပ်မှာတော့ နည်းပြအာတီတာဟာ ဘဲလာ့ဒ်ရဲ့ ခြေစွမ်းကို အထူးသဘောကျနေပြီး ဘန်ဝှိုက်နဲ့တွဲဖက်ကစားခိုင်းဖို့ စိတ်ကူးနေတယ်လို့ ဖော်ပြထားခဲ့သလို စပိန်သားအနေနဲ့ ၃ ယောက်တန်းခံစစ်ကစားကွက်ကိုသာ ပြောင်းလဲသုံးစွဲခဲ့မယ်ဆိုရင် လက်ရှိအငှားစာချုပ်သက်တမ်း မကုန်ဆုံးခင် ဇန်နဝါရီမှာ အသင်းထံ ပြန်လည်ခေါ်ယူတာမျိုးလည်း ပြုလုပ်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။
ဒန်နီယယ် ဘဲလာ့ဒ်ဟာ အသက်အရွယ် ငယ်ရွယ်သေးပေမယ့် မြောက်အိုင်ယာလန် လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၉ ပွဲပါဝင်ကစားပေးခွင့်ရရှိထားပြီး သွင်းဂိုး ၁ ဂိုးလည်း သွင်းယူပေးထားသူပါ။ သူ့အနေနဲ့ လက်ရွေးစင်မှာ ရွေးချယ်ခံရပြီးချိန်ကတည်း အသင်းရဲ့ အဓိက ခံစစ်မှူးအဖြစ် ပါဝင်ကစားခွင့်ရရှိနေသူပါ။
Source: Express