ဒါဏ်ရာအိပ်မက်ဆိုးကနေ ရုံးထွက်ပြီး အကောင်းဆုံးလူငယ်ဖြစ်လာခဲ့တဲ့ ကားလ် ဟိန်း

အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အက်စတိုးနီးယားလက်ရွေးစင်ဂိုးသမား ကားလ် ဟိန်း ဟာ အာဆင်နယ်အသင်းနဲ့ ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကို အာဆင်နယ်အသင်းဘက်က ယမန်နေ့တုန်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ တတိယဂိုးသမားဖြစ်လာဖို့ ရေပန်းစားနေတဲ့ ကားလ် ဂျကော့ဘ် ဟိန်းဟာ ရာသီအစတုန်းက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ပဲ ရာသီကုန်ချိန်မှာ အသင်းကထွက်ခွာတော့မှာဖြစ်တယ်လို့ သတင်းထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဆာကာစမစ်-ရိုး ၊ မာတီနယ်လီ ၊ အိုကွန်ကဝို၊ တိုင်လာဟတ်တို့လို ခြေစွမ်းထက်လူငယ်တွေကို စာချုပ်သစ်ချုပ်ဆိုဖြစ်အောင် ဆွဲဆောင်စည်းရုံးနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဟိန်းကိုလည်း သက်တမ်တိုးစာချုပ်ချုပ်ဆိုအောင် စည်းရုံးနိုင်ခဲ့ပါတယ်။

အက်စတိုးနီးယားလက်ရွေးစင်ကတော့ အသင်းနဲ့စာချုပ်သစ်ချုပ်နိုင်ဖို့ ဘယ်လောက် ကျေနပ်ပျော်ရွှင်ရလဲဆိုတာကို ခုလိုမျိုး ပြောဆိုသွားပါတယ်။ “ဥရောပရဲ့ အင်အားအကြီးတကာ့အကြီးဆုံးတွေက အသင်းတစ်သင်းဖြစ်ပြီး လေးစားလောက်ဖွယ် သမိုင်းကြောင်းတွေရှိနေတဲ့ အာဆင်နယ်လိုအသင်းတစ်သင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်နိုင်တာက ကျွန်တော့်အတွက် တကယ်ကို အဓိပ္ပါယ်အများကြီးရှိတဲ့ကိစ္စပါ။ ကျွန်တော် အရမ်း အရမ်းကို ပျော်ရွှင်နေပါတယ်” လို့ ဟိန်းက ဆိုခဲ့ပါတယ်။

“အာဆင်နယ်မှာ ရှိနေဖို့က ရေရှည်မျှော်မှန်းထားတဲ့ ကိစ္စပါ။ အသင်းကို ပထမဆုံးရောက်လာတုန်းက ကျွန်တော် ဒါဏ်ရာတွေနဲ့ ရုံးကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ကျော်ဖြတ်ပြီးနောက်ပိုင်းမှာတော့ ယူ-၂၃ အသင်း ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ နိုင်ငံ့လက်ရွေးစင်အသင်းဆီကို လှမ်းတက်နိုင်ခဲ့တာပါ။ ခုဆို ပထမအသင်းနဲ့လည်း ပူးပေါင်းခွင့်ရနေပါပြီ” လို့ သူက ဆိုခဲ့ပါသေးတယ်။

သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝ အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်လို့လည်း ကားလ် ဟိန်း ကပြောဆိုသွားခဲ့ပြီး ယခုနှစ်ရာသီအတွင်းမှာတင် ထူးခြားတဲ့ တိုးတက်မှုတွေ ပြသလာနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုသွားခဲ့ပါသေးတယ်။

“ကျွန်တော့်ရဲ့ ခရီးလမ်းက ကြမ်းတမ်းခဲ့ပြီး တိုးတက်မှုကလည်း နှေးကွေးပေမယ့် နည်းမှန်လမ်းမှန်နဲ့ လမ်းကြောင်းမှန်အတိုင်း ကောင်းကောင်းချီတက်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ အာဆင်နယ်မှာ အခွင့်အရေးကောင်းတွေကို အသုံးချပြီး အရေးပါတဲ့ကစားသမားတစ်ယောက် ဖြစ်လာဖို့ပါပဲ။ ရည်မှန်းချက်ဆီရောက်ဖို့ အရင်လိုပဲ တစ်လှမ်းချင်း ချီတက်သွားမှာပါ။ ခုအခြေအနေအတွက် သက်သောင့်သက်သာခံစားနေရပါတယ်။ ရာသီကြိုကာလတုန်းကလည်း ကျွန်တော် ကောင်းကောင်းကစားနိုင်ခဲ့တာမို့ ဒီရာသီမှာ ထူးခြားတာတွေ လုပ်ဆောင်ပြနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့လည်း သူက ပြောခဲ့ပါသေးတယ်။

Source: Arsenal Media

Leave a Reply