
အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ ပွဲကစားပြီးထားပေမယ့် နိုင်ပွဲတစ်ပွဲမှ မရသေးသလို သွင်းဂိုးလည်း တစ်ဂိုးမှ မသွင်းယူနိုင်သေးပါဘူး။ အသင်းရဲ့လက်ရှိ အခြေအနေတွေကို ပရိတ်သတ်တွေက အားမလိုအားမရဖြစ်နေကြပြီး ဝေဖန်မှုတွေလည်း ဆူညံနေပါတယ်။
ဒါပေမယ့်လည်း နည်းစနစ်ဒါရိုက်တာဖြစ်တဲ့ အီဒူး ဂတ်စ်ပါကတော့ သူတို့အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်အပေါ် စိတ်ပူစရာမရှိဘူးလို့ ပြောဆိုခဲ့ပြီး အသင်းကဝါရင့်တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ လာကာဇက်နဲ့ အူဘာမီယန်းတို့က အဆိုပါပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

အီဒူးကတော့ အူဘာမီယန်းဆီက ၂၅ ဂိုးဝန်းကျင်နဲ့ လာကာဇက်ဆီကနေ ဂိုး ၂၀ ဝန်းကျင် ရရှိဖို့ မျှော်လင့်ထားကြောင်းပြောဆိုသွားခဲ့ပြီး အဆိုပါတိုက်စစ်မှူး ၂ ဦးကို ပိုင်ဆိုင်ထားတဲ့ သူတို့အသင်းအနေနဲ့ လူကာကူလိုတိုက်စစ်မှူးမျိုးတွေ ခေါ်ယူဖြည့်တင်းဖို့ မလိုအပ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။
“လူစာရင်းကိစ္စကို မီခယ်နဲ့ ကျွန်တော် စကားပြောဆိုပြီးပါပြီ။ ကျွန်တော်တို့မှာ တစ်ရာသီကို ၂၅ ဂိုးလောက် သွင်းပေးနိုင်တဲ့ အူဘာမီယန်းနဲ့ တစ်ရာသီကို ၁၅-၂၀ ဂိုးသွင်းယူပေးနိုင်တဲ့ လာကာဇက်တို့ရှိနေပါတယ်။ နောက်ပြီး အရမ်းအားကိုးရတဲ့ အကယ်ဒမီထွက် ကြယ်ပွင့် ၂ ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဆာကာနဲ့ စမစ်-ရိုးပေါ့။ ကျွန်တော်တို့ လူစာရင်းထဲမှာ သူတို့ရှိနေတဲ့အတွက် တိုက်စစ်အတွက် ယုံကြည်ချက်ရှိပါတယ်” လို့ အီဒူးက ဆိုသွားပါတယ်။

“အသင်းမှာရှိနေတဲ့ ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်အဝရှိထားပါတယ်။ လူတွေက သံသယဝင်နေကြသေးတယ်ဆိုရင်တောင်မှ ကျွန်တော်တို့ကတော့ လုံးဝယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့အသင်းသာ လူစုံတက်စုံပြန်ကစားနိုင်မယ်ဆိုရင် အခြေအနေတွေ အများကြီးပြန်ကောင်းလာမှာပါ” လို့လည်း အီဒူးက ဆိုသွားပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းကတော့ လာကာဇက်နဲ့ အူဘာမီယန်းတို့ ဂိုးသွင်းခြေကျဆင်းခဲ့တာကြောင့် အာဆင်နယ်အသင်းတိုက်စစ်ဟာ အတော်လေးရုံးကန်ခဲ့ရပြီး အဆိုပါရာသီတုန်းက ပရီးမီးယားလိဂ်မှာ လာကာဇက်က ၁၃ ဂိုးနဲ့ အူဘာမီယန်းက ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။
Source: Sky Sports, Metro