ဒူးရင်းသီးလေး စားကြမယ်

ဒူးရင်းသီးလို့ ဆိုလိုက်ရင် ကြားတာနဲ့ စားချင်လာပြီဆိုတဲ့ သူတွေ ရှိသလို ဒူးရင်းသီးလား အနံ့တောင် မခံနိုင်ဘူးဆိုသူတွေလည်း ရှိပါတယ်။ လူတစ်ကိုယ် အကြိုက် တစ်မျိုးကို။

ဒီတစ်ခေါက်တော့ ဒူးရင်းသီး ကြိုက်တဲ့သူတွေအတွက် ဒူးရင်းသီး စားရင် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဒူးရင်းသီးလေးက အခုလို ဆေးဖက်ဝင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

သီရာမင်း ပါဝင်နေတာကြောင့် လူကြီးတွေမှာ အစာစားချင်စိတ် တိုးစေနိုင်ပါတယ်။ လေပွတာ၊ ရင်ပူတာ၊ လေခံတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

နှလုံးသွေးကြောရောဂါ ကာကွယ်ပေးတယ်

ဒူးရင်းသီးမှာပါတဲ့ organosulfur ဆိုတဲ့ အင်ဇိုင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က သွေးတွင်းမှာ မကောင်းတဲ့ ကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

ဒူးရင်းသီးက အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆီးချို အပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ဒူးရင်းသီးက ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးတိုးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

သွေးကြောတွေကို ပြေလျော့စေပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် တက်စေတယ်

ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေသူတွေအနေနဲ့ ဒူးရင်းသီး စားပေးလို့ရပါတယ်။ ကယ်လ်လိုရီ ပါဝင်နေမှုက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပြီး ကိုယ်အလေးချိန်တိုးစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ကိုယ်ခံအား ကောင်းစေတယ်

ဒူးရင်းသီးက ဗီတာမင် C ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ဒူးရင်းသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ polyphenols ပါဝင်နေမှုက ကင်ဆာဆဲလ်တွေ မကြီးထွားစေဖို့ ဟန့်တားပေးသလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

အရိုးအဆစ်တွေ သန်မာစေတယ်

ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဆို့လိုမျိုး သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို ကောင်းမွန်စေသလို အရွတ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

သွေးအားနည်းတာကို သက်သာစေနိုင်တယ်

သံဓာတ်နဲ့ ဖောလိတ် ပါဝင်နေတာကြောင့် သံဓာတ် အားနည်းပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒူးရင်းသီးမှာပါတဲ့ အခြားသတ္တုဓာတ်တွေက သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးတာကြောင့် သွေးအားနည်းရောဂါ မဖြစ်စေဖို့ စားသုံးပေးလို့ ရပါတယ်။

အိပ်ပျော်စေတယ်

အိပ်မပျော်သူတွေအတွက် သဘာဝ ဆေးတစ်မျိုးပါ။ ဒူးရင်းသီးမှာ tryptophan ပါဝင်နေတာကြောင့် ဦးနှောက်ထဲမှာ ဆီရိုတိုနင် ဟော်မုန်း ထွက်ရှိစေပြီး သက်တောင့်သက်သာဖြစ်မှုနဲ့ ပျော်ရွှင်မှုကို ခံစားရရှိစေနိုင်ပါတယ်။

သွေးကြောတွေထဲမှာ မယ်လ်လာတိုနင် ထွက်ရှိစေတာကြောင့် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒါတွေအပြင် ဒူးရင်သီးက မျိုးဆက်ပွား ကျန်းမာရေးကို ကောင်းမွန်စေသလို စိတ်ဓာတ်ကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ အလှအပအနေနဲ့ ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဆံသားနဲ့ အသားအရေကို ကျန်းမာလှပစေနိုင်ပါတယ်။

Leave a Reply