နင်းကန်ပေါက်ကွဲထွက်လာတဲ့ ဒေါသကို ဘယ်လိုထိမ်းမလဲ

ဒေါသ မထွက်ဖူးသူရယ်လို့ မရှိပါဘူး။ လူတိုင်းကတော့ ဒေါသဖြစ်ဖူးကြမှာပါ။ ဥပမာ – ကားမောင်းနေရင်း signal မပြဘဲ အတင်း ဖြတ်ဝင်တာမျိုး၊ ကိုယ်တိုင်ကို ဖြစ်စေ၊ မိသားစုထဲက ချစ်ခင်ရသူ တစ်ဦးဦးကို ဖြစ်စေ ထိခိုက်နာကျင်အောင် လုပ်တာမျိုးကို မြင်ရတဲ့အခါ ဒေါသက အလိုလို ထွက်လာတတ်ပါတယ်။

ဒေါသက ပုံမှန် အခြေအနေမှာ ကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အရမ်းဒေါသထွက်လာမယ်ဆိုရင်တော့ သွေးပေါင်တက်တာ နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဒေါသကြောင့် ပြင်းပြင်းထန်ထန် လုပ်ဆောင်မိတာတွေ ရှိတတ်ပါတယ်။ ဒီပြဿနာတွေကနေ ကင်းဖို့ဆိုရင် ပြဿနာ ကြီးကြီးမားမား မဖြစ်ခင်မှာ ဒေါသကို သေချာလေး ထိန်းချုပ် ဖြေရှင်းဖို့ လိုပါမယ်။

ဒေါသတွေ တအားထွက်လာတဲ့အခါ

ဒေါသတွေ တအားထွက်လာတဲ့အခါ ပြဿနာ ကြီးကြီးမားမား မဖြစ်စေဖို့အတွက်

  • တစ်ခုခု မပြောခင်မှာ သေချာ စဉ်းစားပါ

စိတ်တိုနေချိန်မှာ စကားလုံးတွေက ကြမ်းကြမ်းတမ်းတမ်းတွေ ထွက်လာနိုင်ပါတယ်။ ဒီစကားတွေကြောင့် အချို့သော ဆက်ဆံရေးတွေမှာ အဆုံးသတ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို နောင်တတရားတွေ ဖြစ်မလာစေဖို့ဆိုရင် ဒေါသတအားထွက်လာလို့ တစ်ခုခု မပြောခင်မှာ သေချာလေး စဉ်းစားဖို့ လိုပါမယ်။

  • စိတ်တည်ငြိမ်မှ ဒေါသဖြစ်ရတဲ့ အကြောင်းအရင်းကို ပြောပါ

ဒေါသဖြစ်ရတဲ့ အကြောင်းကို သေသေချာချာ စဉ်းစားပြီးပြီ။ ဘာက ဒေါသဖြစ်စေတာလဲဆိုတာကို သိပြီ ဘယ်လို ဖော်ပြရင် ထိခိုက်မှု အနည်းဆုံး ဖြစ်မလဲဆိုတာကိုလည်း စဉ်းစားပြီးပြီဆိုရင် သေသေချာချာ ပြတ်ပြတ်သားသားနဲ့ စိတ်ထဲ အဖုအထစ် ကျန်မနေအောင် ပြောပြပေးပါ။ ဒါမှလည်း တစ်ဖက်က ဆင်ခြင်လို့ရတဲ့ အရာဆို ဆင်ခြင်လို့ ရပါတယ်။

  • လေ့ကျင့်ခန်း လုပ်ပါ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ဒေါသကိုဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ဒေါသ ဖြစ်လာပြီဆိုရင် အပြေးလေ့ကျင့်တာ၊ Gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ဒါကလည်း ဒေါသကြောင့် မဖြစ်သင့်တာတွေ မဖြစ်ဖို့ ကူညီပေးနိုင်ပါတယ်။

  • နားချိန်ယူပါ

စိတ်ဆိုးဒေါသထွက်စရာတွေ ကြုံလာတဲ့အခါ စိတ်ရောကိုယ်ကိုပါ ခဏလောက် အနားပေးလိုက်ပါ။ ဒီလို ခဏလောက် အနားပေးလိုက်တာက စိတ်ရောကိုယ်ကိုပါ စိတ်ဖိစီးနေတဲ့ အခြေအနေကနေ ဆွဲထုတ်လိုက်တာပါ။

ဒီလိုလုပ်လိုက်တာက စိတ်သက်သာရာရစေပြီး ဒေါသကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။

  • ဖြစ်နိုင်ခြေရှိတဲ့ အဖြေကို ထုတ်ပါ

ဒေါသဖြစ်ရတဲ့ အကြောင်းပေါ်မှာ အာရုံစိုက်မထားဘဲ ဖြေရှင်းလို့ရမယ့် နည်းလမ်းကို ရှာပါ။ စိတ်ဆိုးစေတဲ့ လူကို တွေ့နေရတာကြောင့် စိတ်ဆိုးမယ်ဆိုရင် မတွေ့ဖြစ်အောင် ရှောင်ပါ။

အရာတစ်ခုခုကြောင့် ဒေါသဖြစ်ရတယ်ဆိုရင် ထိုအရာကို မတွေ့ဖြစ်အောင် နေတာမျိုး လုပ်ပေးပါ။ မကြိုက်တဲ့ အပြုအမူ တစ်ခုခုကြောင့် ဆိုရင်လည်း လုပ်တဲ့သူကို မလုပ်မိအောင် ဖြည်းဖြည်းချင်းနဲ့ နားလည်အောင် ပြောပြပေးပါ။

  • ခွင့်လွှတ်လိုက်ပါ

ခွင့်လွှတ်တာက အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။ ဒေါသထွက်လို့ ရတယ်ဆိုပေမယ့် အဆိုးမတွေးမိဘဲ အကောင်းဘက်က တွေးနိုင်အောင် ကြိုးစားပါ။ ခွင့်လွှတ်ဖို့က ခက်ခဲတယ်ဆိုပေမယ့် ခွင့်လွှတ်လိုက်တာက အဆိုပါ ဒေါသဖြစ်စေတဲ့ အခြေအနေပေါ်ကနေ နှစ်ဦးနှစ်ဖက်စလုံး သင်ယူခွင့်ရတာပါ။

  • ဟာသတွေနဲ့ စိတ်ဖြေပါ

ဒေါသတအားဖြစ်လာတဲ့အခါ ရယ်မောစရာတွေကို စဉ်းစားတာ၊ ဟာသဖြစ်စေမယ့်အရာတွေကို ကြည့်တာ၊ ဖတ်တာ၊ နားထောင်တာတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ဒေါသကြောင့် အမှားတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

  • စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေ ရှာဖွေပါ

စိတ်တအားတိုပြီး ဒေါသဖြစ်လာခဲ့ရင် ဘယ်လို ဖြေဖျောက်ရမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေထားပါ။ ဒေါသဖြစ်စေတဲ့ အကြောင်းအရင်းတွေက မတူနိုင်သလို ဒေါသထွက်တဲ့ အတိုင်းအတာတွေလည်း မတူပေမယ့် စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေက အထိုက်အလျောက်တော့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါကြောင့် ဘာတွေက ကိုယ့်စိတ်ကို ပြေလျော့စေလဲဆိုတာကို ရှာဖွေထားပါ။

Writer: Aye Thi Mon

Leave a Reply