နူနို တာဗာရက်စ်ဆီကနေ အာဆင်နယ် ဘာတွေ မျှော်လင့်လို့ရမလဲ

အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီအတွက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဘင်ဖီကာအသင်းက ဘယ်နောက်ခံလူ နူနို တာဗာရက်စ်ကို ခေါ်ယူနိုင်တော့မှာပါ။ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်လေးဟာ လန်ဒန်ကိုရောက်ရှိနေပြီဖြစ်ပြီး ၅ နှစ်စာချုပ်လည်း ချုပ်ဆိုပြီးပါပြီ။ ကွာရန်တင်းကာလအပြီးမှာ အပြောင်းအရွှေ့ကို တရားဝင်ထုတ်ပြန်ကြေညာဖွယ်ရှိနေပါတယ်။

ဘယ်နောက်ခံလူနေရာမှာ ကီယန် တီယာနီအပြင် တခြားအရံကစားသမားမရှိတဲ့ အာဆင်နယ်အသင်းဟာ ဇန်နဝါရီလတုန်းကလို အမှားအယွင်းမျိုးထပ်မံကျူးလွန်ခြင်းမရှိတော့ပဲ အလိုအပ်ဆုံးနေရာကို အရင်ဆုံးခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အရံကစားသမားသာလိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဝါရင့်တွေနဲ့ ဒုတိယတန်းစား ဘယ်နောက်ခံလူတွေကို ကျော်လွန်ပြီး အလားအလာအကောင်း ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ တာဗာရက်စ်ကို ခေါ်ယူခဲ့တာက မထင်မှတ်ထားတဲ့ ကိစ္စဖြစ်လာခဲ့ပါတယ်။

Football London ကတော့ အာဆင်နယ်အသင်းအနေနဲ့ တာဗာရက်စ်ကို ပေါင် ၇ သန်းနီးပါးနဲ့ ခေါ်ယူနိုင်ခဲ့တာဟာ အလွန်အားရဖွယ်ကောင်းတဲ့ အပြောင်းအရွှေ့လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်လေးဟာ ကီယန် တီယာနီရဲ့ အရံအဖြစ်သာမက စကော့တလန်သားရဲ့ ပွဲထွက်ခွင့်ကိုပါ စိန်ခေါ်လာနိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

တာဗာရက်စ်ဟာ ယမန်နှစ်ရာသီတုန်းက ဘင်ဖီကာအသင်းအတွက် ၂၄ ပွဲ အထိပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး ဂိုးဖန်တီးမှုနဲ့သွင်းဂိုးတွေ ထောက်ပံပေးနိုင်ခဲ့ခြင်းမရှိပေမယ့် ထက်မြက်တဲ့တိုက်စစ်လိုက်ပါမှုတွေနဲ့ တိကျတဲ့ဖြတ်တင်ဘောတွေကြောင့် ထင်ရှားလာခဲ့သူပါ။

ပေါ်တူဂီသားရဲ့ အားအကောင်းဆုံး အပိုင်းက ဖြတ်တင်ဘောဖြစ်ပြီး သူ့ရဲ့ ဖြတ်တင်ပေးပို့မှုအရည်အသွေးဟာ ထိပ်တန်းအဆင့်ဖြစ်တယ်လို့ WhoScored က သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Key pass ပေးပို့မှုနဲ့ ဘောလုံးလမ်းကြောင်း ခန့်မှန်းဟန့်တားမှုတွေမှာလည်း ထူးချွန်သလို လိုအပ်ရင်လိုအပ်သလို Tactical foul တွေလည်း ပြုလုပ်နိုင်သူပါ။

၂၁ နှစ်အရွယ် ပေါ်တူဂီသားရဲ့ အားနည်းချက်တွေကတော့ ဘောလုံးထိမ်းသိမ်းမှု၊ အာရုံစူးစိုက်မှုနဲ့ ခံစစ်မှာ ဖြည့်စွက်နေရာယူမှုအပိုင်းတွေဖြစ်တယ်လို့ သုံးသပ်ခံထားရပါတယ်။ တာဗာရက်စ်ရဲ့ ကစားဟန်ဟာ လျှင်မြန်မှုရှိပြီး တိကျတဲ့ဖြတ်တင်ဘောတွေနဲ့အတူ တိုက်စစ်ကိုလိုက်ပါကူညီတတ်တဲ့ တိုက်စစ်အားသန် ဘယ်နောက်ခံလူစတိုင်မျိုးဖြစ်ပါတယ်။

Football London ကတော့ တာဗာရက်စ်အနေနဲ့ အာရုံစူးစိုက်မှုအားနည်းချက်နဲ့ ခံစစ်ကိုကူညီနိုင်စွမ်းတွေကို တိုးတက်အောင် ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ၁-၂ နှစ်အတွင်း တီယာနီရဲ့နေရာကို သေချာပေါက် ချိန်းခြောက်လာနိုင်လိမ့်မယ်လို့ သုံးသပ်သွားပါတယ်။

Source: Football London

Leave a Reply