
အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ရှာခါကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်ကြတဲ့ လီဗာပူးလ်၊ မန်စီးတီးနဲ့ စပါးအသင်းတွေလည်းပါဝင်လာတယ်လို့ လီဗာပူးလ်ဒေသခံမီဒီယာတွေက ဖော်ပြလာကြပါတယ်။
ရိုးမားအသင်းနဲ့ သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ခံစစ်ကစားသမားဟာ ဆွစ်ဇာလန်အသင်းအနေနဲ့အတူ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးတဲ့နောက်မှာ ပီအက်စ်ဂျီ၊ ယူဗင်တက်စတဲ့ ဥရောပထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရသူပါ။

ခုချိန်မှာတော့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ သေချာနေပြီဖြစ်တဲ့ အဆိုပါ ဆွစ်ဇာလန်အသင်းခေါင်းဆောင်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ လီဗာပူးလ်၊ မန်စီးတီးနဲ့ စပါးတို့လို့ ပရီးမီးယားလိဂ်ကလပ်တွေကပါ မျက်စိကျလာပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ရှာခါကို အလိုချင်ဆုံးအသင်းက အဓိက ကွင်းလယ်လူ ဝစ်နယ်ဒမ်ကို ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ထားရတဲ့ လီဗာပူးလ်အသင်းဖြစ်ပါတယ်။

ဝစ်နယ်ဒမ်နေရာကို အစားထိုးဖို့ ကွင်းလယ်လူ ရှာဖွေနေပြီး ခုချိန်အထိ တစ်ဦးတစ်ယောက်ကိုမှ နီးနီးစပ်စပ် ချဉ်းကပ်နိုင်ခြင်းမရှိသေးတဲ့ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ သေချာနေတဲ့ ရှာခါကို ရိုးမား၊ ပီအက်စ်ဂျီ၊ ယူဗင်တပ်တို့နဲ့အပြိုင် ကြားဝင်ကမ်းလှမ်းဖို့ စဉ်းစားနေပြီဖြစ်ကြောင်း လီဗာပူးလ်မြို့အခြေစိုက် ထိပ်တန်းမီဒီယာ Liverpool Echo က ဖော်ပြသွားပါတယ်။
အာဆင်နယ်အသင်းကတော့ ဂရာနစ် ရှာခါရဲ့ တန်ကြေးကို မူလတုန်းက ယူရို သန်း ၂၀ သာ သတ်မှတ်ထားရာကနေ ယူရိုပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ယူရို ၂၅ သန်းအထိ တန်ကြေးတိုးမြှင့်သတ်မှတ်ထားပါတယ်။
Source: Liverpool Echo, Hard Tackle, Anfield Central