
အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတယ်လို့ အပြောင်းအရွှေ့ရာသီတစ်လျှောက်လုံး သတင်းကြီးနေခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ရှာခါဟာ အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ နည်းပြအာတီတာက အတည်ပြုပြောဆိုလိုက်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ Mind Series ခြေစမ်းပွဲစဉ်မှာ အဓိက ကွင်းလယ်လူ သောမတ် ပါတေးတစ်ယောက် ဒါဏ်ရာရရှိသွားပြီးတဲ့နောက်မှာ နည်းပြအာတီတာက ဂရာနစ် ရှာခါတစ်ယောက် အသင်းမှာဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ ရှာခါဟာ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ချေပဂိုး ၁ ဂိုးသွင်းယူပေးနိုင်ခဲ့သူပါ။

“ဂရာနစ်က အသင်းမှာပဲ ဆက်ရှိနေမှာပါ။ သူက ကျွန်တော်တို့အသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးပါ။ သူ ဒီနေ့ပွဲမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကစားပုံက သူ့ရဲ့အသင်းအပေါ်ထားရှိတဲ့ စိတ်ဆန္ဒသဘောထားကို ထင်ရှားပေါ်လွင်စေတယ်လို့လည်း ကျွန်တော် မြင်ပါတယ်။ သူ ကိုယ်တိုင်လည်း အသင်းမှာဆက်ကစားချင်နေပါတယ်” လို့ အာတီတာက ပြောဆိုခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ဆွစ်ဇာလန်လက်ရွေးစင် ကွင်းလယ်လူဟာ ယခုနှစ်အပြောင်းအရွှေ့ရာသီ အစောပိုင်းတုန်းက ရိုးမားအသင်းရဲ့ အလေးအနက်ထားချဉ်းကပ်မှုကို ခံခဲ့ရသူဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း စီးရီးအေကလပ်ထံ ပြောင်းရွှေ့ကစားလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်နဲ့ ရိုးမားတို့အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုအဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာ အဆိုပါအပြောင်းအရွှေ့ဟာ သွေးအေးသွားခဲ့ပြီး ရှာခါကိုယ်တိုင်လည်း အသင်းနဲ့ ေ့လကျင့်ခန်းပြန်ဆင်းဖို့ ဆုံးဖြတ်ခဲ့ရတာပါ။
ခုချိန်မှာတော့ အာဆင်နယ်အသင်းဟာ ရှာခါကို မရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ဖို့ပါ စီစဉ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက အခိုင်အမာဖော်ပြနေကြပါတယ်။ Daily Mail ကတော့ ပါတေး ဒါဏ်ရာရသွားချိန်မှာ ရှာခါကို အာဆင်နယ်အသင်းလက်မလွှတ်ဖို့ ပိုမိုသေချာသွားပြီလို့ ဖော်ပြခဲ့ပါတယ်။
Source: Arsenal Media, Daily Mail