ပိုထက်မြက်တဲ့ ခြေစွမ်းမျိုးပြသနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဘာလိုဂန်ပြော

အာဆင်နယ်အသင်းက လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်က သူ့အနေနဲ့ ပထမအသင်းကြီးနဲ့ထိုက်တန်မှုရှိတဲ့ ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသနိုင်ဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ လူငယ်အသင်းမှာ ဂိုးသွင်းမှတ်တမ်းကောင်းတွေနဲ့အတူ ဆက်တိုက်ခြေစွမ်း ပြသနိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်ရာသီမှာတော့ စာချုပ်သစ်နဲ့အတူ ပထမအသင်းသားလည်းဖြစ်လာခဲ့သူဖြစ်ပါတယ်။

ပထမအသင်းကြီးထံ ခေါ်ယူခြင်းခံထားရတဲ့ ဘာလိုဂန်ဟာ သူ့ရဲ့ အခွင့်အရေးသစ်အတွက် တက်ကြွနေပြီး စီနီယာကစားသမားတွေကို ဖိအားပေးပြီး ပွဲထွက်ခွင့်ကိုပါ မျှော်မှန်းဖို့ စိတ်ဆန္ဒရှိနေတာဖြစ်ပါတယ်။

“ပထမအသင်းကြီးရဲ့ အဝတ်လဲခန်းထဲက ကစားသမားတစ်ယောက်ဖြစ်လာတဲ့ ခံစားချက်က တကယ်ကို ကောင်းမွန်ပါတယ်။ ခင်ဗျားတစ်ကယ်ကို အရေးပါလာတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့။ အရမ်းပျော်ရွှင်နေသလို ကွင်းထဲမှာအသင်းအတွက် အကောင်းဆုံးတွေလုပ်ပြပြီး ကူညီနိုင်ဖို့လည်း တွေးနေမိပါတယ်။ ခုချိန်မှာ ကျွန်တော် ပိုမိုပြင်ဆင်ကြိုးစားနေပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုမိုတိုးပွားလာနေပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ပိုမိုထက်မြက်ပြီး အသင်းကို ပိုမိုကူညီနိုင်တဲ့သူဖြစ်လာအောင် အပြင်းအထန်ပြင်ဆင်လေ့ကျင့်နေပါတယ်” လို့ သူကပြောသွားခဲ့ပါတယ်။

လူငယ်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်က သူ့အနေနဲ့ ယခုလိုမျိုး ပထမအသင်းကြီးရဲ့ အသင်းသားဖြစ်ဖို့ အခွင့်အရေးပိုင်ဆိုင်လာတာဖြစ်ကြောင်းနဲ့ ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ဖိုလာရင် ဘာလိုဂန်ဟာ ယမန်နှစ်ရာသတုန်းက အာဆင်နယ်အသင်းအတွက် ယူရိုပါလိဂ်မှာ ၇၆ မိနစ်စာ ဝင်ရောက်ကစားပေးခဲ့ဖူးပြီး ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးမှုပြုလုပ်ကာ ခြေစွမ်းကောင်းပြသထားသူဖြစ်ပါတယ်။ ဒါ့အပြင် ဘာလိုဂန်ဟာ ယခုနှစ်ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာလည်း အသင်းအတွက် သွင်းဂိုး ၁ ဂိုးသွင်းယူပေးထားပါသေးတယ်။

Source: Arsenal Media

Leave a Reply