ပူပင်သောကတွေကြောင့် အစာစားချင်စိတ်ပျောက်ဆုံး ခဲ့မယ်ဆိုရင်

အစားအသောက်ပျက်တယ်၊ အစာစားချင်စိတ်ပျောက်ဆုံး တယ်ဆိုတာက အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေ အမျိုးမျိုးကြောင့် ခုလိုမျိုး ကြုံရတတ်ပါတယ်။

ပုံမှန်အားဖြင့်တော့ အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ဘာမှမဟုတ်လောက်ပါဘူးလို့ ထင်မြင်စရာရှိပေမယ့် အစာစားခြင်းဟာ ခန္ဓာကိုယ်ကြီးအတွက် လိုအပ်တဲ့ အာဟာရဓာတ် အားလုံးနီးပါးကို ဖြည့်တင်းပေးနေတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တာမို့ အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ရောဂါဘယပေါင်းစုံကို ဖိတ်ခေါ်နေတဲ့ ပြဿနာကြီးတစ်ရပ်ပါ။

အစားစားချင်စိတ်ပျောက်ဆုံး ခဲ့မယ်ဆိုရင် အစားအသောက် စားသုံးမှု ပမာဏလည်း တဖြည်းဖြည်း လျော့ကျလာပြီး လျှင်လျှင်မြန်မြန် ကုစားနိုင်ခြင်းမရှိဘူးဆိုရင် ကျန်းမာရေးပြဿနာအမြောက်အများနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ပူပင်သောကကြောင့် အစာစားချင်စိတ်ပျောက်ဆုံး ခြင်း

အစာစားချင်စိတ်ပျောက်ဆုံး တာကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား ၄ မျိုး ခွဲခြားထားပါတယ်။ ဒါတွေကတော့

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အစားအသောက်ပျက်တာ၊

ကျန်းမာရေး အခြေအနေကြောင့် အစားအသောက်ပျက်တာ၊

ဆေးဝါးတွေကြောင့် အစားအသောက်ပျက်တာနဲ့

စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် အစားအသောက်ပျက်တာဆိုပြီး ခွဲခြားထားတာပါ။

စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် အစာစားချင်စိတ်ပျောက်ဆုံးတာဟာ ဖြစ်အများဆုံး ပြဿနာရပ်တစ်ခုဖြစ်ပြီးတော့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု၊ ပူပင်သောကများမှုတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတစ်ခုပါ။

ပူပင်သောကတွေကြောင့် အစာစားချင်စိတ်ပျောက်ဆုံးတာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီးတော့ ဝမ်းတွင်းကကို လှိုက်ပြီးအစာစားချင်စိတ်ပျောက်ဆုံးနေတတ်တာမျိုးပါ။ မိသားစု၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း၊ လုပ်ငန်းခွင်၊ တိုင်းရေးပြည်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်လာတဲ့ ပူပင်သောကတွေ အလွန်ဖိစီးနှိပ်စက်လာချိန်မျိုးမှာ လူအများစုဟာ အစာစားချင်စိတ် ပျောက်ဆုံးတတ်ကြပါတယ်။

ဒီလို အစားစားချင်စိတ်ပျောက်ဆုံးတာဟာ Generalized Anxiety Disorder (GAD) ရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတစ်ခုအဖြစ်လည်း သတ်မှတ်ခြင်းခံထားရတဲ့ အခြေအနေတစ်ရပ်ပါ။ ခုလိုဖြစ်စေရတဲ့အကြောင်းအရင်းကတော့ ပူပင်သောကတွေကြောင့် ဦးနှောက်က အစားအစာမှီဝဲဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေဆီကို အာရုံမစိုက်နိုင်တော့တာကြောင့်ပါ။

GAD ဝေဒနာရှင်တွေရဲ့ ၃၉% လောက်ဟာ အစာစားချင်စိတ်ပျောက်ဆုံးတဲ့ လက္ခဏာတွေကို ပြသကြလေ့ရှိပါတယ်။ ဒါပေမယ့် GAD ဝေဒနာစွဲကပ်နေခြင်းမရှိရင်တောင်မှ သာမန်ကျန်းမာသန်စွမ်းသူ လူတစ်ယောက် ရင်ဆိုင်ရလေ့ရှိတဲ့ ပူပင်သောကတွေကလည်း လူတွေကို အစာစားချင်စိတ်ပျောက်ဆုံးအောင် လုပ်နိုင်ပါသေးတယ်။

အစာစားချင်စိတ်ကို ဘယ်လိုပြန်လည် ရယူမလဲ

ပူပင်သောကတွေရဲ့ မူလဇစ်မြစ်က တိုက်မလား-ပြေးမလားဆိုတဲ့ အခြေအနေကြောင့်ပါ။ လူသားရယ်လို့ဖြစ်တည်လာချိန်ကတည်းက ပူပင်သောကတွေနဲ့ရင်ဆိုင်လာရတာပါ။ ဒီလိုကြုံလာချိန်တိုင်းမှာ ပြဿနာကို ရင်ဆိုင်မလား ရှောင်ပြေးမလားဆိုတာကို အမြဲမပြတ် ဆုံးဖြတ်ခဲ့ကြရပါတယ်။

ပူပင်သောကဟာ ဒီလိုပြဿနာတွေကို ဆုံးဖြတ်ဖို့ တုန့်နှေးပြီး တွေးပူနေတတ်တဲ့ အခြေအနေတစ်ရပ်ပါပဲ။ လူသားတွေဟာ ပူပင်သောကကြောင့် တကယ့်အခြေအနေထက်ပိုပြီး ထိခိုက်ဆုံးရှုံးနေခဲ့ရတာပါ။ အစာစားချင်စိတ်ပျောက်ဆုံးတာကလည်း ဒီထိခိုက်နစ်နာမှုတွေထဲက တစ်ခုဆိုပါတော့။

ဒီတော့ ခုလိုပျောက်ဆုံးသွားတဲ့ အစာစားချင်စိတ်ကို ပြန်လည်သက်သာပြီး စားချင်သောက်ချင်စိတ်တွေ ပြန်ရလာဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဒါမှသာ စိတ်ပိုင်းဆိုင်ရာ အခြေအနေသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ မထိခိုက်အောင် ကာကွယ်နိုင်မှာမို့ပါ။

တကယ်လို့ ပူပင်သောကများပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် အစာစားချင်စိတ်ပျောက်ဆုံးနေပြီဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင် ပြန်ကုစားပါ။

လေ့ကျင့်ခန်းလုပ်ပါ၊ တတ်နိုင်သမျှ တက်တက်ကြွကြွနေနိုင်အောင် ကြိုးစားပါ၊

အစာစားချင်စိတ်ပျောက်ဆုံးနေတယ်ဆိုပေမယ့် ခန္ဓာကိုယ်ကြီးမထိခိုက်အောင်၊ အာဟာရမပြတ်အောင် ထိုက်သင့်တဲ့ မှီဝဲစားသောက်မှုတွေ ပြုလုပ်ပေးပါ၊

အစားအသောက်စားဖို့ အချိန်သတ်မှတ်ထားပါ၊

ကိုယ်အလွန်အမင်း နှစ်သက်တဲ့ အစားအစာမျိုးတွေကို ရွေးချယ်စားသောက်ပေးပါ၊

ပူပင်သောကကို ဖြစ်စေတဲ့ မူလအကြောင်းတရားကို ရှာဖွေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပါ၊

နေ့စဉ် အိပ်ချိန်လုံလုံလောက်လာက်နဲ့ အိပ်ရေးဝဝအိပ်ပါ။

ဒီအချက်တွေက သင့်ရဲ့ အစာစားချင်စိတ်ပျောက်ဆုံးနေမှုကို တဖြည်းဖြည်းချင်းလျော့ပါးသွားအောင် ကူညီပေးပါလိမ့်မယ်။ အကြောင်းအရင်းကတော့ အစာစားချင်စိတ်ပျောက်ဆုံးနေပေမယ့် ခန္ဓာကိုယ်ကို လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မပြတ်ပြုလုပ်ပေးနိုင်မယ်ဆိုရင် ပူပင်သောကကိုရော အစာစားချင်စိတ်ကိုပါ ပြန်ရစေမှာမို့ပါ။

Leave a Reply