ပေါင်မုန့် ဆိုတာ ဗမာရိုးရာ အစားအစာမဟုတ်ပေမယ့် အစားများတဲ့ အစားအစာ အမျိုးအစားထဲမှာတော့ပါနေပါတယ်။ ကမ္ဘာမှာဆိုရင်တော့ စားသုံးသူ သိပ်များတဲ့ အစားအစာတစ်မျိုးပေါ့။ အနောက်နိုင်ငံတွေမှာတော့ ပေါင်မုန့်ကို ပုံစံမျိုးစုံနဲ့ မှီဝဲကြပေမယ့် မြန်မာပြည်မှာကတော့ အစာပြေစာအနေနဲ့ စားကြတာများပါတယ်။
ပေါင်မုန့်ကို ပုံစံအမျိုးမျိုး ထုတ်လုပ်တဲ့အပြင် အရသာအမျိုးမျိုး ထည့်ပြီးတော့လည်း ထုတ်လုပ်ရောင်းချကြပါတယ်။ ပေါင်မုန့်ဆိုရင် အဖြူပဲဖြစ်ဖြစ်၊ အညိုပဲ ဖြစ်ဖြစ် သူ့ပုံသဏ္ဍာန်နဲ့သူ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ ဘယ်လိုအကျိုးပြုတာလဲဆိုတာကို သိချင်နေပြီဆိုရင်တော့ အောက်မှာ ပေါင်မုန့်ရဲ့ အကျိုးအာနိသင်တွေကို ဖတ်ကြည့်လိုက်တော့နော်။
အားပြည့်စေတယ်
ပေါင်မုန့်မှာ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်တာကြောင့် ခန္ဓါကိုယ်စွမ်းအင်တွေ ရရှိဖို့ အထောက်အကူပြုပါတယ်။ ပေါင်မုန့်ကို မနက်စာအဖြစ် စားသုံးမယ်ဆိုရင် တစ်နေ့လုံး အားပြည့်စေဖို့ ကူညီပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း တိုးတက်စေပါလိမ့်မယ်။
ဝမ်းဗိုက်နဲ့ အစာခြေစနစ်ကို အကျိုးပြုတယ်
ပေါင်မုန့် ဟာ ဂျုံနဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် အမျှင်ဓါတ်ပါဝင်မှု များပါတယ်။ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဗိုက်လည်းပြည့်စေပါတယ်။ ဒီအမျှင်ဓါတ်ပါဝင်မှုကြောင့်ပဲ Irritable Bowel Syndrome လို ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။
နှလုံးရောဂါ ကာကွယ်ပေးနိုင်တယ်
ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ဟာ အစာခြေစနစ်ကို အကျိုးပြုရုံသာမက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ လျှော့ချပေးပါတယ်။
အသားအရေ ကောင်းမွန်စေတယ်
ပေါင်မုန့်မှာ ဗီတာမင် E လည်း ပါဝင်နေတာကြောင့် အသားအရေ လှပကျန်းမာစေဖို့လည်း အထောက်အကူပြုပါတယ်။ အရေပြားကို ပျက်စီးစေတဲ့ Free Radicals တွေကို ဗီတာမင် E မှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုက တွန်းလှန်နိုင်ပါတယ်။
ဦးနှောက်မှတ်ဉာဏ်ကောင်းမွန်စေတယ်
လူတိုင်း လူတိုင်း မနက်မိုးလင်းပြီဆိုတာနဲ့ မှတ်စရာတွေ၊ အလုပ်တွေများပြီး ဦးနှောက်က အရမ်းကို အလုပ်လုပ်ရပါပြီ။ ဒီလိုဆိုရင်တော့ ဦးနှောက်မှတ်ဉာဏ် လုပ်ငန်းဆောင်တာတွေ တိုးတက်စေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လိုပါတယ်။ ဒီလိုအရာတွေကို ပေါင်မုန့်က ပေးစွမ်းနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေးတယ်
ပေါင်မုန့်မှာ အမျှင်ဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ကင်ဆာရောဂါကို ကာကွယ်ပေးသလို တွန်းလှန်နိုင်စွမ်းလည်း ရှိပါတယ်။ ပေါင်မုန့်စားမယ်ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဇီဝကမ္မဖြစ်စဉ်ကို ပုံမှန်ဖြစ်စေတယ်
ခန္ဓါကိုယ်တစ်ခုလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်ဖို့အတွက် ဇီဝဖြစ်ပျက်မှု မှန်ကန်နေဖို့ လိုပါတယ်။ ပေါင်မုန့်မှာ ဗီတာမင် ဘီ ပါဝင်ခြင်းဟာ ဇီဝဖြစ်ပျက်မှုကို ထိန်းထားပေးနိုင်ပါတယ်။ ဗီတာမင် B ဟာ ဇီဝဖြစ်ပျက်မှု လုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အင်ဇိုင်းတွေလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် ပေါင်မုန့် စားပေးတာက ဘယ်လောက်တောင် ကျန်းမာရေးကို အထောက်အကူပြုလဲ သိသွားလောက်ပြီလို့ထင်ပါတယ်။ လိုတိုရှင်း ပရိတ်သတ်ကြီးရော ပေါင်မုန့်စားကြတော့မယ်မဟုတ်လား …
နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် စိတ်ဝင်စားဖွယ် Lifestyle အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင် Lo To Shin Media ရဲ့ Website နဲ့ Facebook Page တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။