ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်ကြောင်း ဘန်ဝှိုက် အလျှင်အမြန် သက်သေပြနိုင်ပါ့မလား

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ခံစစ်မှူးဟောင်း ဆိုးလ် ကမ်းဘဲလ်က အာဆင်နယ်ကစားသမားဖြစ်လာတော့မယ့် ဘရိုက်တန်ခံစစ်မှူး ဘန်ဝှိုက်အနေနဲ့ သူ့အတွက် ဂန်းနားတွေ ပေးချေထားရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ကြောင်း မြန်မြန်ဆန်ဆန်သက်သေပြသနိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဗဟိုခံစစ်မှူးနေရာအတွက် ထူးထူးခြားခြား ပေါင် သန်း ၅၀ အသုံးပြုထားတာဖြစ်ပြီးတော့ ခုလိုအသုံးပြုခဲ့တာဟာ မှန်ကန်တယ်ဆိုတာကို ဘန်ဝှိုက်အနေနဲ့ အမြန်ဆုံးသက်သေပြသနိုင်ဖို့ လိုအပ်ကြောင်း ကမ်းဘဲလ်က ဆိုသွားခဲ့ပါတယ်။

“သူက မနှစ်တုန်းက ဘရိုက်တန်အတွက် ၃၆ ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒီလောက်ဆို အနာဂတ်အတွက် သင့်လျော်ပြီလား? သူ့အသက်က ၂၃ နှစ်ပဲရှိပါသေးတယ်။ ဒီအသက်အရွယ်မှာ ဒီလိုအခွင့်အရေးမျိုး ပိုင်ဆိုင်ထားတယ်ဆိုကတည်းက သူက ကျွန်တော်တို့ အနာဂတ်အတွက် စိတ်ချရတယ်ဆိုတာသေချာပါတယ်။ သူ့အကြောင်းကို လူတိုင်း ရေရေရာရာ သိကြတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အသက်အရွယ်အားဖြင့်တော့ အတော်လေး ငယ်ရွယ်ပါသေးတယ်။ ဉာဏ်ရည်မြင့်မားတက်ကြွမယ့် အရွယ်မျိုးပါ။ သူ့အနေနဲ့ သက်သေပြစရာတွေ အများကြီးကျန်နေပါသေးတယ်” လို့ သူက talkSPORT ကို ပြောဆိုသွားပါတယ်။

ဘန်ဝှိုက်အနေနဲ့ သူ့ရဲ့အကောင်းဆုံးနေရာဖြစ်တဲ့ ဗဟိုခံစစ်မှာ အဆုံးအစွန်ထက်မြက်တဲ့ ခြေစွမ်းမျိုးထုတ်ဖော်ပြသနိုင်ဖို့ လိုအပ်မှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ အဆိုပါမျှော်လင့်ချက်အတွက် ပေါင် သန်း ၅၀ အသုံးပြုထားတာဖြစ်ကြောင်းလည်း ကမ်းဘဲလ်က ဆိုသွားခဲ့ပါသေးတယ်။

“အာဆင်နယ်ဆိုတာ ဒီလိုနေရာမျိုးအတွက် ပေါင် သန်း ၅၀ လောက် အလွယ်တကူသုံးမယ့်အသင်းမျိုးမဟုတ်တာကြောင့်ပါပဲ။ ဆေးစစ်တဲ့ကိစ္စပြီးတာနဲ့ သူ့အနေနဲ့ အသင်းအတွက် ပွဲထွက်ပြီး အများကြီး သက်သေပြရပါလိမ့်မယ်။ အရာအားလုံး အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ သူ့အတွက်လည်း ခက်ခဲပါလိမ့်မယ်။ ပေါင် သန်း ၅၀ က အတော်လေးများတဲ့ တန်ကြေးမျိုးပါ။ ဒါပေမယ့် ရှေ့မှာနှစ်တွေအများကြီး ကျန်ပါသေးတယ်။ သူတို့ အနာဂတ်ကို လှမ်းမျှော်ပြီး ခေါ်ယူတာဖြစ်နိုင်ပါတယ်။ ဗဟိုခံစစ်မှာသာမက ကွင်းလယ်ဗဟိုနဲ့ နောက်ခံအစွန်လူနေရာမှာပါ ကစားနိုင်တဲ့သူကို သူတို့ ခေါ်ယူခဲ့တာပါ။ သေချာတာကတော့ သူ့အတွက် အာဆင်နယ်က ပေါင် သန်း ၅၀ သုံးထားပါတယ်။ သူက သူ့နေရာမှာ အကောင်းဆုံးလူဖြစ်နေဖို့ သေချာပေါက် လိုအပ်ပါတယ်”

လက်ရှိ အာဆင်နယ်အသင်းမှာ ဗဟိုခံစစ်မှူးတွေအဖြစ် ဂါဘရီယယ် မဂါဟေးစ်၊ ပါဘလို မာရီ၊ ရော့ဘ် ဟိုးလ်ဒင်းနဲ့ ဟယ်ရီ ကလာ့ခ်တို့ရှိနေပြီး လာမယ့်ရာသီသစ်မှာ ဂါဘရီယယ်+ဘန်ဝှိုက်အတွဲအဖက်နဲ့ ပွဲထွက်လာနိုင်ခြေရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

Source: talkSPORT

Leave a Reply