
အာဆင်နယ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဟိုက်ဘားနီးယန်းနဲ့ ကစားရာမှာ ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ လူငယ်ကွင်းလယ်လူလေး ဂျက် ဟင်နရီ-ဖရန်စစ် ရဲ့ ခြေစွမ်းကိုတော့ ကျေနပ်အားရနေကြပါတယ်။
အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ deep-lying playmaker လေးဟာ ပွဲချိန် ၇၅ မိနစ်မှာ မိုဟာမက် အယ်လ်နီနီ နဲ့ လူစားလဲလှယ် ဝင်ရောက်ကစားခွင့်ရရှိခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ခြေစွမ်းကောင်းတွေကိုတော့ ပွဲကစားချိန်နည်းပါးမှုကို ကျော်လွန်ပြီး ထင်ရှားစွာ ပြသနိုင်ခဲ့ပါတယ်။

ဟင်နရီ-ဖရန်စစ်ဟာ ပွဲကစားချိန် ၂၅ မိနစ် ဝန်းကျင်သာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ဘောလုံးလုယူမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့သလို တိကျတဲ့ဘောလုံးဖြန့်ဝေမှု အမြောက်အများကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၈၂ မိနစ်မှာ အာဆင်နယ်အသင်း ရရှိသွားတဲ့ ခြေပဂိုးကလည်း သူ့ရဲ့ ဘောလုံးဖြန့်ဝေမှုကနေ မြစ်ဖျားခံခဲ့တာပါ။
အာဆင်နယ်ပရိတ်သတ်တွေကတော့ ၁၇ နှစ်အရွယ်သာရှိသေးပေမယ့် အကြောက်အရွံ့ကင်းကင်းနဲ့ တည်တည်ငြိမ်ငြိမ်ကစားပြသွားတဲ့ သူ့ရဲ့ ကစားဟန်ကို အထူးသဘောကျနေကြပြီး “ဖာဘရီဂတ် လက်သစ်” ၊ “ဂျော်ဂျင်ဟို လက်သစ်” စသဖြင့် အမျိုးမျိုးတင်စားချီးမွမ်းနေကြပါတယ်။

ဟင်နရီ-ဖရန်စစ်ဟာ ယူ-၂၃ ကစားသမားမဟုတ်ပဲ ယူ-၁၈ အသင်းက ကစားသမားဖြစ်ပြီးတော့ နည်းပြအာတီတာက သူ့ရဲ့ခြေစွမ်းကို သဘောကျတာကြောင့် ရာသီကြိုခြေစမ်းပွဲတွေဆီ တိုက်ရိုက်ခေါ်ယူခဲ့တာပါ။ အသက်အရွယ် ငယ်ရွယ်မှုကြောင့် အာဆင်နယ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုရခြင်းမရှိသေးတဲ့ ဟင်နရီ-ဖရန်စစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူ-၁၈ အသင်းအတွက် ၁၈ ပွဲပါဝင်ကစားပေးခဲ့ပြီး ၁ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဂျက် ဟင်နရီ-ဖရန်စစ် အနေနဲ့ လက်ရှိပြသနေတဲ့ ခြေစွမ်းအရ လာမယ့်ရာသီသစ်မှာ ယူ-၂၃ အသင်းထံ ခေါ်ယူခြင်းခံရဖို့ သေချာနေပြီး လက်ကျန်ခြေစမ်းပွဲစဉ်တွေမှာ ယခုခြေစွမ်းတည်ငြိမ်မှုကို ဆက်လက်ထိမ်းသိမ်းထားနိုင်မယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်အတွင်း ပထမအသင်းကြီးထံ ရောက်ရှိလာဖွယ်ရှိနေပါတယ်။
Source: Sport Lens, TBR